ရန်ကုန် ဇူလိုင် ၂၈
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ နှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်း (Assessor Methodology Training) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးလုပ်ငန်း စဉ်ကို နှစ်စဉ်လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား (၂,၅၀၀) ဦး မွေးထုတ်ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးအကဲဖြတ်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက် ရှိသည့် Assessor များ ပိုမိုမွေးထုတ်နိုင်ရေး Assessor Methodology Training ကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေး ကော်မတီ များမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို Assesor များအဖြစ်အတည်ပြု ခန့်ထားနိုင်ရေး ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ ယခုပို့ချသည့် သင်တန်းတွင် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီ (၆) ခုမှ သင်တန်းသား (၃၅) ဦးကို လက်ခံပို့ချပေးနေကြောင်း၊
NSSA အသိအမှတ်ပြု Assessor များအဖြစ် ၂၀၁၄ ခုနှစ်မှ စတင်အသိမှတ်ပြုပေးခဲ့ရာ ယနေ့အထိ Assessor (၉၀၄) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး NSSA ၏ လုပ်ငန်းစဉ်များကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်ရာ လုပ်ငန်းကဏ္ဍမျိုးစုံမှ ဆက်စပ်ဝန်ကြီးဌာနများ၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက အလေးထားပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊
NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှစတင်ပြီး ယနေ့အထိ အလုပ်အကိုင် (၇၁) မျိုးအတွက် ကျွမ်းကျင်မှုစံ (၁၀၄) မျိုးကို အတည်ပြုကာ အလုပ်အကိုင် (၅၃) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၉,၈၃၆) ဦးကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်မည့် စစ်ဆေးအကဲ ဖြတ်သူ (Assessor) များသည် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လက်တွေ့သုံးပစ္စည်းများကို ကြိုတင်စစ်ဆေးခြင်း၊ ဖြေဆိုသူလက်စွဲစာအုပ်ပါ စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းမျှဝေခြင်း၊ ဖြေဆိုရာတွင် တွေ့ကြုံနိုင်သော အခက်အခဲများမျှဝေခြင်း၊ စာတွေ့/ လက်တွေ့ နမူနာပုံစံများမျှဝေခြင်း၊ ဖြေဆိုမည့်သူများ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီမှု ရှိ/မရှိ အကဲဖြတ်ခြင်း၊ ကြိုတင်စိစစ်ခြင်းတို့အပြင် ဖြေဆိုသူများကို အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးရသည့် Assessor များ၏ အခန်းကဏ္ဍသည် များစွာ အရေးပါ၍ မိမိတို့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြက် မြှင့်တင်နေရန်လိုကြောင်း၊
သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးနောက် NSSA အသိအမှတ်ပြု Assessment Center များတွင် On the Job Training (၁) ကြိမ်၊ Volunteer Assessor အဖြစ် (၁) ကြိမ်၊ စုစုပေါင်း (၂) ကြိမ် မပျက်မကွက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အလုပ်အကိုင်များမှ Chief Assessor ၏ ထောက်ခံမှု၊ သက်ဆိုင်ရာအလုပ်အကိုင် ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီ၏ ထပ်ဆင့်ထောက်ခံမှု၊ မိမိတို့သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့သော Assessment Center မှ OJT နှင့် Volunteer Assessor အဖြစ် လာရောက်ဆောင်ရွက်ခဲ့ကြောင်း ထောက်ခံမှုများအပေါ် NSSA မှ Assessor အဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်မည် ဖြစ်ကြောင်း၊
သင်တန်းသားများအနေဖြင့် မိမိတို့ လုပ်ကိုင်ဆောင်ရွက်ကြမည့် အလုပ်အကိုင်များအပေါ် အမှန်တကယ် ကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက် သော နည်းပညာ များ၊ ခေတ်အလိုက် ပြောင်းလဲတိုးတက်သည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာရန် လိုအပ်ကြောင်း၊ NSSA က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို သေချာ လေ့လာမှတ်သား၍ Assessor အသိအမှတ်ပြု လက်မှတ်များရရှိပါက NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ်ရှိ NSSA အသိ အမှတ်ပြု M Hospitality & Tourism Institute (MHTI) သို့သွားရောက်၍ အစားအသောက် ဧည့်ခံကျွေးမွေးခြင်းသင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးပြီးသင်တန်းသားများအား ပို့ချသည့်သင်ခန်းစာများကို အလေးထားမှတ်သား၍ သင်တန်းဆင်းပြီးသည်နှင့် NSSA အသိအမှတ်ပြုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရရှိနိုင်ရေး၊ အလုပ်အကိုင်ရရှိရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hang Kei (Myanmar)Garment Co.,Ltd၊Yuan Hong Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့် Noatex Starry Myanmar Co.,Ltd၊ အိတ်ချုပ်စက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ် ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာ ဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမား ရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊
လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင် သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများ အလေးထားဆောင်ရွက်နှင့် အလုပ်သမားရေးရာ ကိစ္စများ နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာ သက်ရောက်မှု ရှိစေနိုင်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

