နေပြည်တော် စက်တင်ဘာလ ၁၈
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
၁၁-၉-၂၀၂၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ Marina Bay Sands ရှိ Sands Expo & Convention Centre ၌ (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ကွန်ရက်ဆု ချီးမြှင့်ပွဲအခမ်းအနား၊ (၁၁) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် Singapore WSH Conference 2024 တို့အား ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသည့် ကုမ္ပဏီများ နှင့် စင်ကာပူနိုင်ငံမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် လျက်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ၁၂-၉-၂၀၂၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ Furama City Center ၌ Policy Dialogue on Harnessing the Potential of Global Supply Chains to Improve OSH In ASEAN အခမ်းအနားနှင့် ၁၃-၉-၂၀၂၄ ရက်နေ့တွင် (၂၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံး၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
(၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ချီးမြှင့်ပွဲ အခမ်းအနား (5th ASEAN-OSHNET Awards Ceremony) တွင် အာဆီယံ နိုင်ငံများရှိ ကုမ္ပဏီများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award) နှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practices Award) ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ASEAN-OSHNET Excellence Award အား Dagon Beverages Company Limited မှလည်းကောင်း၊ ASEAN-OSHNET Best Practices Award အား Myanmar C.P Livestock Co., Ltd မှလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ဆုရရှိသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက ဆုများအား လက်ခံရယူခဲ့ကြပါသည်။
အဆိုပါ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နှစ်လျှင် တစ်ကြိမ် ပေးအပ်ချီးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ဆုများရွေးချယ်ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့ဖြင့် ASEAN-OSHNET မှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ ရွေးချယ်ခြင်း ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ Excellence Award ဆုရ စက်ရုံ (၅) ရုံနှင့် Best Practices Award ဆုရ စက်ရုံ (၅) ရုံ၊ စုစုပေါင်းစက်ရုံ (၁၀) ရုံ ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။