အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ    ၅   ရက်

          အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် စည်းကြပ်ဉပဒေများပါ OSH ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ OSH ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်စေရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် OSH ကော်မတီများဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခြင်း၊ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်တက်လာစေရေးအတွက် OSH သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး အတွက် တိုင်းတာအကဲဖြတ်ခြင်း၊ OSH ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမိုရရှိစေရေး အတွက် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးခြင်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်  (ASEAN-OSHNET) နှင့် OSH ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဦးစီးဌာနအနေဖြင့် OSH ကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂၁/၂၀၂၅) အား ၈-၁၂-၂၀၂၅ ရက်နေ့မှ ၁၂-၁၂-၂၀၂၅ ရက်နေ့အထိ (၁) ကြိမ်၊  သင်တန်းအမှတ်စဉ် (၂၂/၂၀၂၅) အား ၁၅-၁၂-၂၀၂၅ ရက်နေ့မှ ၂၀-၁၂-၂၀၂၅ ရက်နေ့ အထိ (၁) ကြိမ်၊ စုစုပေါင်း သင်တန်း (၂) ကြိမ်ပို့ချခဲ့ခြင်း၊  ၂၉-၁၁-၂၀၂၅ ရက်နေ့မှ ၃၁-၁၂-၂၀၂၅ ရက်နေ့ အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၂၀) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အလုပ်သမား (၅၀) ဦးနှင့် အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၇၁) ရုံရှိသည့် အနက် စက်ရုံ၊ အလုပ်ရုံ (၂၁၇၅) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၅.၇၇) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၈၂) ရုံတွင် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာခဲ့ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၁၁) ရုံ တွင် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင် အရောက် အသိပညာပေး ဆွေးနွေးခဲ့ခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှု (၆) မှုတို့အား စုံစမ်း စစ်ဆေးပြီး ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) နှင့် ပူးပေါင်းဆောင်ရွက်မှု နှင့် စပ်လျဉ်း၍ ၄-၁၂-၂၀၂၅ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံမှ Virtual နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် HIV/AIDS ဆိုင်ရာ အာဆီယံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့ ဦးစီးဌာနမှ အရာထမ်း (၂) ဦး တက်ရောက်ခဲ့ခြင်း၊ ၉-၁၂-၂၀၂၅ ရက်နေ့မှ       ၁၀-၁၂-၂၀၂၅ ရက်နေ့အထိ လာအိုနိုင်ငံမှ In-person နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးကဏ္ဍရှိ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဦးစီးဌာနမှ အရာထမ်း (၁) ဦး တက်ရောက်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။