၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် စည်းကြပ်ဉပဒေများပါ OSH ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ OSH ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်စေရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် OSH ကော်မတီများဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခြင်း၊ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်တက်လာစေရေးအတွက် OSH သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး အတွက် တိုင်းတာအကဲဖြတ်ခြင်း၊ OSH ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမိုရရှိစေရေး အတွက် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးခြင်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) နှင့် OSH ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာနအနေဖြင့် OSH ကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၂၀/၂၀၂၅) အား ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ (၁) ကြိမ် ပို့ချခဲ့ခြင်း၊ ၁၄-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၄၉) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အလုပ်သမား (၅၀) ဦးနှင့် အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၇၄) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၁၆၆) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၅) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၆၇) ရုံတွင် လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုင်းတာခဲ့ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၆) ရုံ တွင် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

