စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ထိခိုက်မှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်ရုံ နှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများ တက်ရောက် ကြသည်။
ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်များ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော် တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေးအတွက် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသကဲ့သို့ လုပ်ငန်းခွင်များ တွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တည်ဆဲအလုပ်သမားဥပဒေများနှင့် စည်းကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တက်ရောက်လာသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ တာဝန်ခံများအနေဖြင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်မှုအတွက် အလုပ်သမားများကို အသိပညာပေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လိုအပ်သည့် သင်တန်းများ တက်ရောက်နိုင်ရေးနှင့် အထောက်အပံ့ပစ္စည်းများ ရရှိစေရေး၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိနှိုင်းဆောင်ရွက်၍ တည်ဆဲအလုပ်သမား ရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
လုပ်ငန်းခွင်အတွင်း ဆူညံသံ၊ အလင်းရောင်၊ အပူ၊ အအေး၊ အမှုန်၊ အမွှား၊ အခိုးငွေ့ များနှင့် ဘေးအန္တရာယ်ရှိသည့်ပစ္စည်းများကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ စေရေး အလုပ်သမားများအား သင့်တော်သော တကိုယ်ရည်သုံး ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံများ၊ ပစ္စည်းများနှင့် အထောက်အကူ ပစ္စည်းများဝတ်ဆင်လုပ်ကိုင်နိုင်ရေး ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စက်ရုံ၊ အလုပ်ရုံအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ ဘေးအန္တရာယ်သတိပေး အချက်ပြများ၊ နို့တစ်စာများ၊ ပိုစတာများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ ထားရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဆောင်ရွက်မည့် အစီအမံများကို လိုအပ် သလို ဇက်တိုက်လေ့ကျင့်၍ စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိများက အလုပ် ခွင်သို့ ဝင်ရောက် စစ်ဆေးချိန် စနစ်တကျ စစ်ဆေးခံပြီး လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အလုပ်သမားများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက် များ၊ သတိပေးတားမြစ်ချက်များကို လိုက်နာကျင့်သုံးနိုင်ရေး၊ စက်ပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံတို့၏ ဦးဆောင်မှုကို ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ယက်ဆု ပေးအပ်ပွဲတွင် ထူးခြားစွမ်းဆောင်ဆုနှင့် ကောင်းမွန်သည့်အလေ့အထကျင့်စဉ် စွမ်းဆောင်ဆုကို ရရှိသည့် စက်ရုံ၊ အလုပ်ရုံမှ လုပ်ငန်းရှင်များကို ပေးအပ်ချီးမြှင့်ရန်ရှိကြောင်း မှာကြားပါသည်။
ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက လုပ်ငန်းခွင် အန္တရာယ်ဖြစ်စေနိုင်သည့် ပြုမူလုပ်ကိုင်ဆောင်ရွက်နေမှုများ၊ အန္တရာယ် ရှိသည့် လုပ်ငန်းခွင်များကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းခွင်ထိခိုက်မှုများကို ရှင်းလင်း တင်ပြ၍ ယခင်နှစ်များက အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ယက်ဆု ချီးမြှင့်ခံရသည့် စက်ရုံ၊ အလုပ်ရုံများက ပြိုင်ပွဲအတွေ့အကြုံများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ရှင်းလင်းဖြေကြား၍ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။