ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်၊ အမှတ်(၃)လမ်းမကြီး၊ အမှတ်(၂၂)ရှိ Mr. Kang Dong O (ကိုရီးယားနိုင်ငံသား) ပိုင်ဆိုင်သည့် Myanmar Posco C & C Co., Ltd (ကာလာအမိုးပြား၊ လိုင်းသွပ်) စက်ရုံရှိ အလုပ်သမားများ၏ လုပ်ခလစာအား ၇၀ ရာခိုင်နှုန်းသာ ထုတ်ပေးကြောင်း သိရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ၂၈-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံ အရာရှိများသည် စက်ရုံသို့ သွားရောက်၍ မန်နေဂျာ နှင့် HR Manager ၊ အလုပ်သမား (၁၆)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ ကိုဗစ်-၁၉ ရောဂါအခြေအနေများ နှင့် ပြည်ပနိုင်ငံများမှ ကုန်ကြမ်းဝယ်ယူ တင်သွင်းရာတွင် အခက်အခဲများဖြစ်ပေါ်ခြင်းကြောင့် (၃/၂၀၂၂)လမှစ၍ တစ်လလျှင် ၁၅ ရက် အလုပ်ဆင်း ၁၅ ရက် အလုပ်နားဖြင့် အလုပ် သမားများ၏ သဘောတူညီမှုရယူ၍ လက်မှတ်ရေးထိုးထားပြီး လုပ်ခလစာ (အခြေခံလစာ+ အခြားခံစားခွင့်) စုစုပေါင်း ၇၀ ရာခိုင်နှုန်း ပေးချေခဲ့ကြောင်း သိရှိရပါသည်။
Myanmar Posco C & C Co., Ltd (ကာလာအမိုးပြား၊ လိုင်းသွပ်) စက်ရုံနှင့်ပတ် သက်သည့်သတင်း ရရှိမှုများအပေါ် မြို့နယ်ပေါင်းစပ်အဖွဲ့၏ ညှိနှိုင်းပေးမှုအရ (၇/၂၀၂၃)လ မှစ၍ အလုပ်ချိန်အပြည့် လုပ်ကိုင်စေပြီး လုပ်ခလစာ အပြည့်အဝပေးချေမည်ကို အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန

