အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်း၊ အမှတ် (၅၁/၅၂) ရှိ   Mr. Zhu Guofu ပိုင်ဆိုင်သည့် Hosheng (Myanmar) Garment Co.,Ltd (အထည်ချုပ်စက်ရုံ) သည် အလုပ်သမား ကျား (၆၃)ဦး၊ မ(၇၈၄)ဦး၊ စုစုပေါင်း (၈၄၇)ဦး တို့ဖြင့် လုပ်ကိုင်လျက်ရှိရာ ၉-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားခေါင်းဆောင် ဦးရဲသွေးလှိုင်ပါ (၇) ဦးအား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် (EC) စာချုပ်ပါ နောက်ဆက်တွဲ စည်းကမ်းချက်အရ ကြီးလေးသောပြစ်မှုကျူးလွန်ခြင်းကြောင့်ဟုဆိုကာ အလုပ်ထုတ်ပယ်ခြင်း နှင့်ပတ်သက်၍ ၁၂-၆-၂၀၂၃ ရက်နေ့တွင် စက်ရုံရှိ အလုပ်သမား ကျား (၄၈) ဦး၊ မ (၄၉၁)ဦး၊ စုစုပေါင်း (၅၃၉)ဦး တို့သည် စက်ရုံအတွင်း စုဝေးတောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

          အဆိုပါကိစ္စအား ၁၂-၆-၂၀၂၃ ရက်နေ့တွင် စက်ရုံ၌ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမားများအား ညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်မှ အလုပ်သမား ဦးရဲသွေးလှိုင် ပါ(၇)ဦး တို့သည် EC စာချုပ်ပါ နောက်ဆက်တွဲစည်းကမ်းများကို ကျူးလွန်ခဲ့သဖြင့် အလုပ်ထုတ်ပယ် ခြင်းဖြစ်သောကြောင့်  ပြန်လည်ခန့်ထားနိုင်ခြင်းမရှိပါကြောင်း၊ အလုပ်သမား ဦးရဲသွေးလှိုင် ပါ(၇)ဦးအား အလုပ်မှရပ်စဲခဲ့မှုအပေါ် နို့တစ်ကြေးနှင့် အလုပ်ရပ်စဲမှုနစ်နာကြေးများပေးချေ မည်ဖြစ်ကြောင်း HR မန်နေဂျာမှပြောကြားခဲ့ရာ စုဝေးတောင်းဆိုလျက်ရှိသည့် အလုပ်သမား (၅၃၉)ဦးတို့သည် ကျေနပ်မှုမရှိသောကြောင့် အလုပ်ဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ လုပ်ငန်း ခွင်မှ နေအိမ်များသို့ ပြန်သွားခဲ့ကြပါသည်။

          ၁၄-၆-၂၀၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီး ဌာနအောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အလုပ်ရှင်ကိုယ်စားလှယ် HR Managerနှင့် အလုပ်သမားကိုယ်စားလှယ် ဦးရဲသွေးလှိုင်ပါ(၇)ဦး တို့နှင့်တွေ့ဆုံ၍  ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါစက်ရုံတွင် ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၃ အရ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အား ၂၀-၁၀-၂၀၂၂ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သော်လည်း ယခုလက်ရှိအချိန်တွင် WCC အဖွဲ့ဝင်ကိုယ်စားလှယ်များမှာ လစ်လပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရမှုအပေါ် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် “အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ ကိုယ်စားလှယ် လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်” ဟူသော ပြဋ္ဌာန်းချက် နှင့်အညီ  ပြန်လည်ဖွဲ့စည်းရန်လိုအပ်သဖြင့် ဥပဒေနှင့်အညီ အစားထိုးပြန် လည်ဖွဲ့စည်းရန်နှင့် ဖွဲ့စည်းထားသည့် (WCC) အဖွဲ့ဝင်များ၏ အမည်စာရင်းအား စက်ရုံရှိ အများမြင်သာသော နေရာတွင် Vinyl ချိတ်ဆွဲထားရန်၊ ဆောင်ရွက်ရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူ ချမှတ်ရမည့်ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းထားသဖြင့် ဥပဒေနှင့်အညီ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ပြန်လည်ဖွဲ့စည်းသွားရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ၃၀-၆-၂၀၂၃  ရက်နေ့ နောက်ဆုံးထားပြန်လည်တင်ပြရန် သက်ဆိုင်ရာဦးစီးဌာနမှ အကြောင်း ကြားထားပြီးဖြစ်ပါသည်။

          Hosheng Myanmar Garment စက်ရုံတွင် အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမှု အနေဖြင့် အလုပ်အမှုဆောင်နှင့် အဖွဲ့ဝင်အင်အား(၃၀)ဦးဖြင့် ၂၂-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ် မှတ်ပုံတင်အရာရှိထံသို့ စာရွက်စာတမ်းများ လာရောက်တင်ပြရာ မြို့နယ်မှတ်ပုံတင် အရာရှိမှ အချက်အလက်များအားစိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်မှားယွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရှိ နံပါတ်ရှေ့ဂဏန်းများ မမှန်ခြင်း (တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ဂဏန်း)၊ တစ်ချို့အဖွဲ့ဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များမှာ ဂဏန်း ၅ လုံး သာပါရှိခြင်း၊ အဖွဲ့အစည်း၏စည်းမျဉ်းတွင် စာသားအချို့ကွဲလွဲမှားယွင်းခြင်းနှင့် မွေးသက္ကရာဇ် များဖော်ပြရာတွင်  ရက်၊ လ မှားယွင်းခြင်းစသည်တို့အပြင် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်မည့်သူသည် အသက် (၂၁)နှစ်ပြည့်ပြီးဖြစ်ရမည်ဟု နည်းဥပဒေတွင် ပြဋ္ဌာန်း ထားပြီး ဒေါ်မေသူမင်းသည် ၂၅-၆-၂၀၀၂ ရက်နေ့တွင် မွေးဖွားပြီး ၂၅-၆-၂၀၂၃ ရက်နေ့၌ အသက်(၂၁)နှစ်ပြည့်မည့်သူဖြစ်နေခြင်းကြောင့် အမှားပြင်ဆင်ရန်စာရွက်စာတမ်းများ ခေါ်ယူ ပေးအပ်ခဲ့ပြီး အသက်(၂၁)နှစ်ပြည့်မှသာ  နည်းဥပဒေအရ  ပြေစာပုံစံ  ၆  ရရှိအောင် ဆောင် ရွက်ပြီး အသိအမှတ်ပြုလက်မှတ်ပုံစံ  ၇ ရရှိသည့်အထိ ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ပါကြောင်းနှင့် အခြေခံအလုပ်သမားအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်ရေး ၂၀၁၁ ခုနှစ်၊ အလုပ် သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စိစစ်ဆောင်ရွက် လျက်ရှိပါသည်။

 သို့ဖြစ်ပါ၍ Hosheng (Myanmar) Garment Co.,Ltd (အထည်ချုပ်စက်ရုံ) အလုပ် သမားရေးရာကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုနှင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဌာနမှစည်းကြပ်လျက်ရှိသော  ဥပဒေနှင့်အညီဆောင်ရွက်ရမည့်ကိစ္စရပ်များအား သက်ဆိုင်ရာ ဌာနများနှင့် အနီးကပ်ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အလုပ်သမားဝန်ကြီးဌာန