အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                 ဇူလိုင် ၈

အလုပ်သမားဝန်ကြီးဌာန၏ “ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းသွားလာခြင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဆီသို့” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ပ တွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ဘာသာရပ်ဆိုင်ရာ ပြင်ပကျွမ်းကျင်သူများ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ ပုဂ္ဂလိကဘဏ်များ၊ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) နှင့် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်‌ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် တရားမဝင်ရွှေ့ပြောင်းသွားလာခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် မိသားစုပြန်လည်ပေါင်းစည်းခြင်း များတွင် စနစ်တကျမရှိခြင်းများကို ဖော်ထုတ်၍ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့မိသားစုဝင် များ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမျိုးသားအကျိုးစီးပွားအတွက် ပူးပေါင်း ညှိနှိုင်းအဖြေရှာနိုင်ရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ရောက်ရှိနိုင်ငံများ၏ လုပ်ငန်းနှင့် လက်တွေ့ကျွမ်းကျင်မှုများ ၊ အတွေ့အကြုံဗဟုသုတများ၊ သင့်တင့်သည့်ဝင်ငွေ ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းဖြင့် လုပ်သားနှင့် ၎င်းတို့၏မိသားစုများ လူမှုစီးပွားဘဝတိုးတက်စေ ခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း စသောအကျိုး ကျေးဇူးများ ရရှိပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် လာအိုနိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ လာအိုနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်အသိအမှတ်ပြုနိုင်ရေး၊ လာအို နိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကာအကွယ်များရရှိစေရန် နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာပါ သဘောတူညီမှုများအရ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရေး အစီအမံများ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပရေးဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ခြင်း တို့သည် ရွှေ့ပြောင်းလုပ်သားကိစ္စများတွင် နိုင်ငံတော်က အလေးအနက်ထား ဆောင်ရွက်ပေး နေမှုများဖြစ်ကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ရွှေ့ပြောင်းလုပ်သား များသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်း သွားလာမှုဖြစ်စေရန်နှင့် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရေး သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန် ရှိသူများက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာ ထောက်ပံ့ပေးနိုင်သော မိသားစုလွှဲပို့ငွေရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ(၁၀)ခုအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံအလိုက် အလုပ်သမားသံအရာရှိများ၏ အလုပ်သမားရေးရာ ကာကွယ်စောင့်ရှောက်မှုများ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများမှ ပြည်ပသို့ ကျွမ်းကျင်လုပ်သား မွေးထုတ် စေလွှတ်ရေးဆိုင်ရာ မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။

          မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးမှု မရှိစေရေးနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်တွင်း/ပြည်ပလုပ်သား ဈေးကွက်မြှင့်တင်ရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပို့ငွေမှတစ်ဆင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး စသည်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သူများက ဆွေးနွေးဖလှယ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။