၁။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ခွင့်ဖြင့်အမှန်တကယ်ပြန်လာသည့် အလုပ်သမားများကို ၎င်းတို့၏လုပ်ငန်းခွင်များသို့ သတ်မှတ်ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် အထောက်အထားတုများဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာရန် ကြိုးပမ်းမှုများကို တားဆီးခြင်းဖြင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာစနစ်ကို ပိုမိုခိုင်မာ စေပြီး လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အချို့အလုပ်သမားသစ် (Fresh Worker) များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်၍ ပြည်ပထွက်ခွာရန် ကြိုးစားလာသည်ကို တွေ့ရှိရပြီး ၎င်းတို့သည် ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထား သော လမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများ တွေ့ရှိရပါသည်။
၃။ လုပ်ငန်းခွင် အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင်သွားရောက်သူများ အနေဖြင့် ကြုံတွေ့နိုင်သည့် အန္တရာယ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
(က) ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခြင်း။ ပြည်ပသို့ တရားမဝင်သွားရောက် ခြင်းဖြင့် တရားမဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရပြီး သက်ဆိုင်ရာနိုင်ငံ၏ အကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးကြေးများနှင့် ဥပဒေအရ ရပိုင်ခွင့်များ ဆုံးရှုံးခြင်း၊
(ခ) လုပ်အားခေါင်းပုံဖြတ်ခံရခြင်း။ အတည်ပြုထားသော အလုပ်ရှင်မရှိသဖြင့် လူကုန်ကူးခြင်းနှင့် အဓမ္မခိုင်းစေမှုများ ဖြစ်ပေါ်နိုင်ခြင်း၊
(ဂ) ပြည်နှင်ဒဏ်ခံရခြင်း။ အထောက်အထားအတုဖြင့် သွားရောက်ကြောင်း သက်ဆိုင်ရာနိုင်ငံမှစိစစ်ချိန်၌ တွေ့ရှိပါက ဖမ်းဆီးခံရနိုင်ခြင်း၊ ပြည်နှင်ဒဏ် ချမှတ် ခံရနိုင်ခြင်း၊ အဆိုပါနိုင်ငံသို့ နောင်တွင် ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်ခြင်း။
၄။ မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်နှင့် တရားမဝင် လမ်းကြောင်းမှ သွားရောက်သည့်စနစ်ကို ထိန်းသိမ်းရန် ဝန်ကြီးဌာနက အောက်ပါတို့ကို ဆောင်ရွက် လျက်ရှိပါသည်-
(က) ဆိုက်ရောက်ချိန်သတင်းပို့ခြင်း။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ ခွင့်ပြန်အလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလုပ်သမား ဝန်ကြီးဌာန ဆိုက်ရောက်ကောင်တာ၌ သတင်းပို့ရမည်ဖြစ်ပြီး အဆိုပါမှတ်တမ်း ရှိမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုခြင်း၊
(ခ) အချက်အလက်များစိစစ်ခြင်း။ ပြည်ပအလုပ်ရှင် (သို့မဟုတ်) HR ဌာနထံသို့ ၎င်း၏ အလုပ်သမားကို မိခင်နိုင်ငံသို့ ခွင့်ဖြင့် ပြန်ခွင့်ပြုထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Visa နှင့် Work Permit အချက်အလက်များ စစ်ဆေးခြင်း၊ အချက်အလက်များ မပြည့်စုံပါက လိုအပ်ချက်များပြန်လည်တင်ပြရန် Safe Migration Telegram တွင် ကြေညာခြင်း၊ နိုင်ငံကွဲပြားမှုအပေါ်မူတည်၍ စစ်ဆေးရန် အချိန်ယူရမှု ကွာခြားနိုင် သဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ခွင့်ဖြင့်ပြည်ပသို့ ပြန်လည်ထွက်ခွာ ခြင်းမပြုမီ ရုံးဖွင့်ရက်အပါအဝင် (၅) ရက် ကြိုတင် တင်ပြဆောင်ရွက်စေရန် အောက်ဖော်ပြပါ အချက်များဖြင့် မိတ္တူပူးတွဲလျှောက်ထားနိုင်ရေး Safe Migration Telegram တွင် ကြေညာထားပြီး ဖြစ်ပါသည်-
(၁) သက်တမ်းရှိ နိုင်ငံကူးလက်မှတ် မျက်နှာပြင်မိတ္တူ၊
(၂) သက်တမ်းရှိ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် OWIC ရှေ့/နောက် မိတ္တူ၊
(၃) သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊
(၄) လေဆိပ်အဝင်တုံးပါဝင်သည့် မျက်နှာပြင်မိတ္တူ၊
(၅) အလုပ်ရှင်၏ ခွင့်စာမိတ္တူ၊
(၆) လေယာဉ်လက်မှတ်မိတ္တူ။
(ဂ) ထုတ်ပြန်ကြေညာခြင်း။ အလုပ်သမားများ၏ တင်ပြချက်များကို စိစစ်ပြီး အချက်အလက်များ မှန်ကန်ကြောင်းအတည်ပြုပြီးသူများ၏ အမည်စာရင်းကို “Safe Migration Telegram” Channel တွင် ထုတ်ပြန်ကြေညာထားမှုအပေါ် တာဝန်ရှိသော သက်ဆိုင်ရာဌာနများမှ အဆိုပါစာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုခြင်း။
၅။ ပြည်ပထွက်ခွာခွင့်များနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြလာသူနှင့် မမှန်မကန် လိမ်လည်မှုများတွင် နောက်ကွယ်မှပါဝင်ကူညီသော သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်ခြင်း၊ လိမ်လည်တင်ပြသူအား ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ပြည်ပထွက်ခွာခွင့်များကို စနစ်တကျ စိစစ်ခြင်းသည် မြန်မာနိုင်ငံသား အလုပ်သမားများ ဥပဒေအကာအကွယ်ဖြင့် ဘေးကင်းလုံခြုံစွာ ပြည်ပသို့ သွားရောက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး နိုင်ငံသားများအကျိုးအတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ ပြည်ပမှအမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားများ အဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်ခြင်းဖြင့် နိုင်ငံတကာအလုပ်သမား စံနှုန်းများကို မြှင့်တင်ပေးနိုင်သကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝများကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

