အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                               စက်တင်ဘာ ၂၁

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်  ရန်ကုန်မြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ရှိ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ်ပိုင်းက အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်း ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များအား တွေ့ဆုံခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ တွင် ကနဦးဖြေရှင်း၍ ပြေလည်မှုများရရှိနေမှုကြောင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူဖြစ်စေကြောင်း၊ ပြေငြိမ်းမှုမရသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရမည့်ကိစ္စရပ်များအတွက် အထူးညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ (မြို့နယ်ပေါင်းစပ်အဖွဲ့) တို့ဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း။

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ နှစ်ဖက်ခေါ်ယူ၍ ဖျန်ဖြေပေးရာတွင်  အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကိုသာ ညှိနှိုင်းဖျန်ဖြေ ပေးရန်လိုပြီး အခွင့်အရေးဆိုင်ရာအငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီးဌာနများမှ ဖြေရှင်းပေး လျက်ရှိ‌ကြောင်း။ 

          ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခုံသမာဓိအဖွဲ့များအနေဖြင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လွှဲပြောင်းပေးသည့် အငြင်းပွားမှုများကို ခုံသမာဓိကောင်စီက သတ်မှတ်သော လုပ်ငန်းနည်းလမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းအစီအစဉ်များနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထား လာပါက ဥပဒေနှင့်အညီ ခုံအဖွဲ့ကို သတ်မှတ်ချက်နှင့်အညီ ဖွဲ့စည်း၍ စစ်ဆေးဆုံးဖြတ်ပေးလျက် ရှိကြောင်း။

           ခုံသမာဓိအဖွဲ့အနေဖြင့် သက်ဆိုင်ရာမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တင်ပြလာသည့် အငြင်းပွားမှုများကို အဖွဲ့ဝင်များအနေဖြင့် အကြေအလည်ညှိနှိုင်းဆွေးနွေးပြီး အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကို တရားမျှတမှန်ကန်စွာ ကြားနာစစ်ဆေးရမည်ဖြစ်ကြောင်း၊ ဥပဒေ က အပ်နှင်းထားသည့် အခွင့်အာဏာထက် ကျော်လွန်ဆောင်ရွက်ခြင်းမပြုရန်နှင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန်၊ အလုပ်ရှင်၊ အလုပ်သမားအကြား ဘက်လိုက်မှု မရှိဘဲ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊  ကြားနာစစ်ဆေးရန် အကျုံးမဝင်သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ သီးခြား ဥပဒေဖြင့် စိစစ်ဖြေရှင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများကို ရှင်းလင်းပြောကြားထားရန်လို ကြောင်း၊

ခုံသမာဓိကောင်စီအဖွဲ့ဝင်အနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံရရှိ သည်နှင့် ခုံအဖွဲ့ ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေးချက်များ၊ သက်သေခံခြင်းများအပေါ် အခြေခံပြီး လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့အတွက် မျှတသောဆုံးဖြတ်ချက်ချ မှတ်ရမည်ဖြစ်ကြောင်း၊ အငြင်းပွားမှုများကို ဆုံးဖြတ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအငြင်းပွားသူ တစ်ဦးဦးက သက်သေခံအဖြစ်တင်သွင်းသည့် စာတမ်းအမှတ်အသား သို့မဟုတ် ပစ္စည်းများကို ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံအဖွဲ့သို့ လျှို့ဝှက်ထားရှိပေးရန်တင်ပြပါက ယင်းတို့ကို လျှို့ဝှက်ထားရှိ ရမည်ဟူသော ပြဋ္ဌာန်းချက်ကို အလေးထားလိုက်နာရန်လိုကြောင်း၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်များသည် တိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့ဝင်များက အကိုးအကားပြု လေ့လာရမည့် ဆုံးဖြတ်ချက်သာဓကများ ဖြစ်ရမည့်အပြင် ခုံသမာဓိကောင်စီသည် အလုပ်ရှင်၊ အလုပ်သမား များအတွက် အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊

အဖွဲ့ဝင်များအားလုံး၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ချက်များသည် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန်စေပြီး လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အထောက်အပံ့ဖြစ်စေ၍ ကုန်ထုတ် စွမ်းအားတိုးတက်ရေးအတွက် များစွာအရေးပါကြောင်း။

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)တွင် ဆွေးနွေးညှိနှိုင်းမှုအားကောင်း ခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် (WCC) တိုးမြှင့်ဖွဲ့စည်းရေး သက်ဆိုင်ရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျန်ဖြေရေး အရာထမ်းများအနေဖြင့် အငြင်းပွားမှုဖြစ်ပွားသည့် အခြေခံအကြောင်းအရင်းများ၊ လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှုမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရန် နည်းလမ်းများကို အလုပ်ရှင်နှင့် အလုပ်သမားများအား အသိပညာပေးဆွေးနွေးခြင်း၊ တစ်ဦးချင်းညှိနှိုင်းဖျန်ဖြေမှုစွမ်းဆောင်ရည် မြင့်မားလာစေရန် အရာထမ်းအချင်းချင်း အတွေ့အကြုံ များ အပြန်အလှန်ဆွေးနွေးဖလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားခဲ့ပါသည်။