အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                               ဇွန် ၈

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းရှိန်သည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိ အဖွဲ့၊ လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီးကိုယ်စား တွေ့ဆုံမှာကြားခဲ့ သည်။

          ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီးအနေဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း ယခုအဖွဲ့ဝင်များကို တွေ့ဆုံ၍ လိုအပ်ချက်များ မှာကြားခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ခုံသမာဓိရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ၃,၅၄၇ ဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိ အဖွဲ့ ၁၅ ဖွဲ့နှင့် ခုံသမာဓိကောင်စီ ၁ ဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။

          အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင် ကနဦးဖြေရှင်း၍ ပြေလည်မှု များရရှိနေမှုကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူဖြစ်နေ ကြောင်း၊ ပြေငြိမ်းမှုမရသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးရမည့်ကိစ္စရပ်များအတွက် မြို့နယ်ပေါင်းစပ် အဖွဲ့တို့ဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း။

          ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခုံသမာဓိအဖွဲ့များ အနေ ဖြင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လွှဲပြောင်းပေးသည့် အငြင်းပွားမှုများကို ခုံသမာဓိ ကောင်စီက သတ်မှတ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားလာပါက ဥပဒေနှင့်အညီ ခုံအဖွဲ့ ဖွဲ့စည်း၍ ဆုံးဖြတ်ချက် ချမှတ်ပေးလျက်ရှိကြောင်း။

           ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များနှင့် အညီ နှစ်ဖက်ခေါ်ယူ၍ ဖျန်ဖြေပေးရာတွင်  အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကိုသာ ညှိနှိုင်းဖျန်ဖြေပေးရန်လိုပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီးဌာန များမှ ဖြေရှင်းပေးလျက်ရှိကြာင်း။ 

ခုံသမာဓိအဖွဲ့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တင်ပြလာ သည့် အငြင်းပွားမှုများကို တရားမျှတ မှန်ကန်စွာ ကြားနာစစ်ဆေးရမည်ဖြစ်ကြောင်း၊ ကြားနာစစ်ဆေးရန် အကျုံးမဝင်သည့် သက်ဆိုင်ရာ သီးခြားဥပဒေဖြင့် ဖြေရှင်း ဆောင်ရွက် ရမည့် အငြင်းပွားမှုများကို စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ် သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား အကျိုးစီးပွားကို ရှေ့ရှု၍ တည်ဆဲအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရန်နှင့် လူမှုရေး၊ တရားမျှတမှုရှိစေရန် ခံယူကျင့်သုံး ရမည်ဖြစ်ကြောင်း။

ခုံသမာဓိကောင်စီအဖွဲ့ဝင်အနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ သဖြင့် ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံရရှိသည့်အခါ ခုံအဖွဲ့ ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေးချက်များ၊ သက်သေခံခြင်းများအပေါ် အခြေခံ၍ လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့ အတွက် မျှတသော ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ကြောင်း၊  အငြင်းပွားမှုဖြေရှင်းရေး၊ ခုံသမာဓိကောင်စီ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း။

အဖွဲ့ဝင်များအားလုံး၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ချက်များသည် အလုပ်သမားများ ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေပြီး လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အထောက်အပံ့ ဖြစ်စေ၍ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း။

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့် (WCC) တိုးမြှင့်ဖွဲ့စည်းရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖျန်ဖြေရေးအရာထမ်းများအနေဖြင့် အငြင်းပွားမှု ဖြစ်ပွားသည့် အခြေခံအကြောင်းအရင်းများ၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို အသိပညာပေးဆွေးနွေးခြင်း၊ တစ်ဦးချင်း ညှိနှိုင်း ဖျန်ဖြေမှုစွမ်းဆောင်ရည် မြင့်မားလာစေရန် အတွေ့အကြုံများ အပြန်အလှန်ဆွေးနွေး ဖလှယ်၍ လက်တွေ့ကျင့်သုံးရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။