အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           နိုဝင်ဘာ     ၁၁ 

ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြည်တွင်း၊ ပြည်ပလုပ်သားဈေးကွက်မှ လိုအပ်သော ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့၊ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်ကျင်းပခဲ့ရာ NSSA အသိအမှတ်ပြုသင်တန်းကျောင်းများနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန အသိအမှတ် ပြုသင်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (၇) ကျောင်းမှ တာဝန်ခံများ၊ စုစုပေါင်း အင်အား (၆၀) ဦးခန့် တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးက အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ် အကိုင်ရှာဖွေသူများနှင့် အလုပ်သမား များကို အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေး နေကြောင်း၊ မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)မှ အတည်ပြုပြဋ္ဌာန်းထားသော အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများနှင့်အညီ လေ့ကျင့်သင်ကြားပေးမည့် သင်တန်းကျောင်းများကို NSSA အသိအမှတ် ပြု သင်တန်းကျောင်းများအဖြစ် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ထုတ် ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အသိအမှတ်ပြုမှတ်ပုံ တင်လက်မှတ်ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း (၂၀) ကျောင်းရှိပြီဖြစ် ကြောင်း၊

ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး သင်ကြားပေးနေသည့် သက်မွေးပညာ သင်တန်းကျောင်းများ ကို NSSA မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်း လုပ်ငန်းစဉ်နှင့် ချိတ်ဆက်နိုင်ရေး၊ လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် မြန်မာလုပ်သားထု အကျိုးဖြစ်ထွန်းစေရေးတို့အတွက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိ အမှတ်ပြုသင်တန်းကျောင်းများအဖြစ် မှတ်ပုံတင်လက်မှတ်ထုတ် ပေးမှုကို၂၀၁၅ ခုနှစ် မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အသိအမှတ် ပြုမှတ်ပုံတင် လက်မှတ်ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း ၂၄ ကျောင်းရှိကြောင်း၊

             ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများမှာ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးရန် လိုအပ် သည့် သင်တန်းသုံး အထောက်အကူပြုပစ္စည်းများ၏ အရည်အသွေးပြည့်ဝမှု၊ သင်တန်းနည်းပြ များ၏ သတ်မှတ်အရည်အချင်းပြည့်မီရေး၊ နှစ်စဉ်မွေးထုတ်ပေးနိုင်မည့် သင်တန်းသားဦးရေ လုံလောက်စွာရရှိနိုင်မှုတို့ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ် စွမ်းအားတိုးမြှင့်ပေးနိုင်ရေး နှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းကာ ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက် မပြတ်တိုးချဲ့ဖွင့်လှစ်ပေးမည်ဆိုပါက အလုပ် အကိုင်ရှာဖွေသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းကောင်းများ ပိုမိုရရှိစေပြီး ကျွမ်းကျင်လုပ်သားများ ပိုမိုမွေး ထုတ် ပေးနိုင်မည်ဖြစ်ရာ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အပံ့ဖြစ်စေနိုင်ကြောင်း မှာကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် သင်တန်းကျောင်းများမှ တာဝန်ရှိသူများက  ပြည်တွင်း၊ ပြည်ပ လုပ်သားဈေးကွက်မှ လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကျွမ်းကျင် လုပ်သား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်ပေးနိုင်မှုများကို ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်း များမှ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ၍ ရလဒ် ကောင်းများရရှိစေရေး အလေးထားဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။