ရန်ကုန်မြို့                                                                                               နိုဝင်ဘာလ ၈

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိပြီး အခြေခံဂဟေဆက်သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့ရာ ကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းကို ၁၉၇၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်မှု သင်တန်းများကို  (၁)လကြာ ပို့ချ၍  အခြေခံပညာအလယ်တန်းအဆင့်နှင့် အသက် ၁၇ နှစ်နှင့် အထက် အလုပ်အကိုင်ရှာဖွေနေသူ လူငယ်လူရွယ်များကို သင်တန်းသားအဖြစ် လက်ခံသင်ကြား ပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းတွင် အခြေခံလျှပ်စစ်၊ အခြေခံဂဟေဆက်၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လေအေးပေးစက်ပြုပြင်/ တပ်ဆင်ခြင်းနှင့် ဆောက်လုပ်ရေး ဆိုင်ရာ (လက်သမား၊ ပန်းရံ၊ သံချည်သံကွေး)ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို ဘဏ္ဍာရေး နှစ်အလိုက် စီမံချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊

 အခြေခံဂဟေဆက်သင်တန်းကို ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ သင်ကြားပို့ချခဲ့ရာ  သင်တန်းသား (၉၉၂) ဦးထိ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှု ဖြင့် အခြေခံဂဟေဆက်သင်တန်း (၂) ကြိမ်  ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား(၄၀)ဦး မွေးထုတ်ကာ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခဲ့ပြီး အခြေခံဂဟေဆက်သင်တန်း (၃/၂၀၂၂)ကို ၄-၁၁-၂၀၂၂ ရက်နေ့မှ ၆-၁၂-၂၀၂၂ ရက်နေ့ထိ သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း တင်ပြခဲ့ ပါသည်။

          ဒုတိယဝန်ကြီးမှ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ် ပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင် သင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိမိဒေသ အတွက် အကျိုးကျေးဇူးများ ရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် များစွာအထောက် အကူဖြစ်စေကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင် လုပ်သားများ အလေးထားမွေးထုတ်ပေးနေ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများမှ သင်တန်းဆင်းများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျ ကြိုးစား သင်ယူပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချ၍ လူနေမှုဘဝ မြင့်မားစေရေးအတွက် နည်းပညာတိုးတက်မှုများကို စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့၏ အရည်အသွေးများကို ပိုမိုမျှဝေနိုင်ရေး ဒေသအဆင့်၊ နိုင်ငံတကာအဆင့် အမီလိုက် နိုင်ရန် ကြိုးစားအားထုတ်စေလိုကြောင်း မှာကြား၍ သင်တန်းကျောင်းရှိ လက်တွေ့အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊  ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးများ၊ စက်မှုဇုန် တာဝန်ခံများနှင့် မြို့နယ် တာဝန်ခံအရာရှိများနှင့် ရွှေပေါက်ကံစက်မှုဇုန်ရှိ Shin Sung Tong Sang Co., Ltd နှင့် KPH   CMP စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံ၊ အလုပ်ရုံမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊  ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလေးထားဆောင် ရွက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ကုန်မှာစာများ ပုံမှန်ရရှိပြီး စက်ရုံများလည်ပတ်နိုင်ရန် လိုအပ်သဖြင့် စက်ရုံအပေါ် အလုပ်အပ်နှံသူများမှ ယုံကြည်မှုရရှိရေးကောင်း သတင်းပြန့်နှံ့စေရန် အပြန်အလှန်ယုံကြည်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။