ရန်ကုန် အောက်တိုဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ Golden Sea Myanmar Accredited Training School သင်တန်းကျောင်း၌ အခြေခံစက် ချုပ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ် ပို့ချနေမှု အား အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများဖြင့် ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ဒုတိယဝန်ကြီးက တွေ့ဆုံမှာကြားရာတွင် သင်တန်းကျောင်းမှာ သက်တမ်း ၂ နှစ်ကျော်သာ ရှိသေး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနှင့် ချိတ်ဆက်ပြီး အမျိုးသားအဆင့်အသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းသားများကို အသိပညာ၊ စည်းစနစ်ရှိမှု၊ သေသပ်စွာ လုပ်ကိုင် တတ်သည့် အလေ့အကျင့် ကောင်းများအား လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်ရေး ကောင်းစွာ ပို့ချပေးစေလိုကြောင်း၊ စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေး ပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချပြီး သင်တန်းဆင်းများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး ချိတ်ဆက်ပေးမှုကို အလေး ထား ဆောင်ရွက်ပေးရန်နှင့် သင်တန်းသားများအနေဖြင့် ရရှိထားသည့် ကျွမ်းကျင်မှုအဆင့်နှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ မိမိဘဝ တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးပြဋ္ဌာန်းရေးအဖွဲ့မှ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရရှိရေး အားထုတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ လုပ်သားများ၏ လူနေမှုဘဝ မြင့်မားစေရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
သင်တန်းကျောင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လူ့စွမ်းအားအရင်း အမြစ်များအား အသက်မွေး ဝမ်းကျောင်း အတွက် စက်ချုပ်သင်တန်း ၂ ခုကို သင်ကြားပို့ချ၍ အလုပ် အကိုင်ရရှိရေး ပြည်တွင်းအထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
