မြစ်ကြီးနား                                                                                                    ဒီဇင်ဘာ ၆

          ၆-၁၂-၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာန (ပြည်နယ်ရုံး) တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏  ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်း ကော်မတီ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပိုက်ပြင်ပိုက်ဆက်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏  ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ ပြည်နယ်အဆင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီဝင်များ၊ ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် သင်တန်းသူ / သင်တန်းသား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြသည်။

          ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုပ် သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကို ဖွဲ့စည်း၍ အလုပ်အကိုင်အမျိုးအစားအလိုက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး လျက်ရှိကြောင်း၊  ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများ ဖွဲ့စည်းထားပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာန ၂၁၂ ခုတွင် Assessor ၅၉၀ ကျော်၊ Inspector ၉၀ ကျော်ဖြင့် ဘတ်ဂျက်နှစ်အလိုက် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင် လုပ်သား ၅၀၀၀ ဦးကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စစ်ဆေးအကဲဖြတ် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလထိ လုပ်သားအင်အား ၃၂၀၀ ကျော်ကို  စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း။

          ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ကို စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှု၊ စသည့် လုပ်ငန်းကဏ္ဍများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးပြီး သင်တန်းဆင်းများကို အလုပ်ခန့်ထားခြင်းဖြင့် မိသားစုဝင်ငွေ ရရှိစေရန်နှင့် လူမှုစီးပွားဘဝ တိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။  

ကချင်ပြည်နယ်အစိုးရအဖွဲ့၏  ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget)တွင်  အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းကို သင်တန်းသား (၂၃) ဦးဖြင့် (၁) ကြိမ်၊ အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား (၄၆) ဦးဖြင့် (၂) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား (၃၀) ဦးဖြင့် (၁) ကြိမ်၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းကို သင်တန်းသား (၃၆) ဦး ဖြင့် (၁) ကြိမ်၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင်သင်တန်းကို သင်တန်းသား (၄၀) ဦးဖြင့် (၁) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်းကို ၆-၁၂-၂၀၂၂ ရက်နေ့မှ ၂၀-၁၂-၂၀၂၂ ရက်နေ့ထိ သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ပူတာအိုမြို့တွင် အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား (၂၂) ဦးဖြင့် ၈-၁၂-၂၀၂၂ ရက်နေ့မှ ၃၀-၁၂-၂၀၂၂ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် အလေးထား သင်ယူမှတ်သား၍ လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ အသုံးပြုခြင်းဖြင့် မိသားစု ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ကချင်ပြည်နယ်တွင် လျှပ်စစ်လုပ်သား၊ ဂဟေဆက်လုပ်သား၊ ဧည့်ကြိုလုပ်သား၊ ဟိုတယ်စားပွဲထိုးဝန်ထမ်းနှင့် အိပ်ခန်းစောင့်ဝန်ထမ်း၊ တစ်လုံးထိုးဒီဇယ် အင်ဂျင်ပြုပြင်လုပ်သား၊ အသေးစားစက်ပြင်လုပ်သားများရှိ၍ မိမိတို့၏ ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်မှုခံယူ၍ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။