အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

ရန်ကုန် မေ ၁၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို၁၀-၅-၂၀၁၉ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ Panda Hotel ၌ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး နှင့် အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ILO Liaison Officer Mr.RoryMungoven၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MICS-TUsF)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ခုံသမာဓိအဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ စုစုပေါင်း (၁၃၂) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးကအလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဆိုင်ရာနှီးနှောဖလှယ်ပွဲပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား အကြား အငြင်းပွားမှုများကို ဥပဒေနှင့်အညီလက်တွေ့ အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်နေကြသော မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များ၏ အငြင်းပွားမှုဖြေရှင်း ရေးဆိုင်ရာအတွေ့အကြုံများအပြန်အလှန်ပေါင်းစပ် ဖလှယ်နိုင်သောကြောင့် နောင်တွေ့ကြုံရမယ့် အငြင်းပွားမှုများကိုဖြေရှင်းရာမှာများစွာ အထောက်အကူဖြစ်စေကြောင်း၊ အငြင်းပွားမှု များအား ထိရောက်စွာဖြေရှင်းနိုင်ရေးအတွက် အငြင်းပွားမှုဖြေရှင်းရေးယန္တရားခိုင်မာအားကောင်းရန် လိုအပ် သကဲ့သို့ အငြင်းပွားမှုဖျန်ဖြေဆုံးဖြတ်သည့်အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အပေါ်တွင်လည်းမူတည် ကြောင်း၊ ၎င်းအပြင် အလုပ်ရှင်နှင့် အလုပ်သမားများသည် တည်ဆဲအလုပ်သမားဥပဒေများကို သိရှိ လေးစားလိုက်နာရန်လည်းလိုအပ်ပါကြောင်း၊ ယနေ့ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွင် ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို ထိရောက်စွာဖြေရှင်းနိုင်မည့်နည်းလမ်း များနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်းများထွက်ပေါ်လာမည်ဟုယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ ခုံသမာဓိ အဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များမှ လက်ရှိဖြစ်ပေါ်နေသောအလုပ်သမားရေးရာ အငြင်းပွားမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများ ကိုအချင်းချင်းရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အသိအမြင်များဖလှယ်ခဲ့ကြ ပြီးအလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့်အကြံပြုချက်များဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့် ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ (၁၅၆၀)မှု၊ ခုံသမာဓိအဖွဲ့များမှ (၁၃၉)မှု၊ ခုံသမာဓိကောင်စီမှ (၇၁)မှုကို ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သည်ဟု သိရှိရပြီး ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီအလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကိုထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်းများကိုသိရှိလာနိုင်ခြင်း၊ အငြင်းပွားမှုနည်းပါးသည့် ဒေသများမှ ကိုယ်စားလှယ်များအနေဖြင့် အငြင်းပွားမှုများပြားသည့်ဒေသမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကိုသိရှိခြင်းဖြင့်အသိအမြင် ဗဟုသုတများတိုးပွားလာနိုင်ပြီး မိမိတို့ဒေသတွင် အငြင်းပွားမှုများဖြေရှင်းဆောင်ရွက်ရမည်ဆိုပါက သာဓကကောင်းများအဖြစ်ကိုးကားနိုင်မည်ဖြစ် ကြောင်းသိရှိရပါသည်။