အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနတစ်ခု၏ လုပ်ငန်းများအောင်မြင်ရေး သည် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၏ အတွေ့အကြုံ၊ အရည်အချင်း၊ စေတနာနှင့် သက်ဆိုင်ရာဥပဒေတွေမှာ ကျွမ်းကျင်လိမ္မာမှု၊ ပါးပါးနပ်နပ်ဆောင်ရွက်မှုတွေအပေါ်တွင် များစွာမူတည် ပါကြောင်း၊ တိုင်းနှင့်ပြည်နယ်ဦးစီးမှူးများ၊ မြို့နယ်မှူးများအနေဖြင့် မိမိဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်အောင် ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းပေါင်းစပ်ပြီးဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ ယနေ့အချိန်အခါတွင် အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များသည် အလွန်အရေးကြီးလာပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်တာဝန်များတွင်လည်း အလုပ်အကိုင်ရရှိရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး စသည့်အချက်များသည် အဓိကဦးတည်ချက်များဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမား ရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်း၍ အရည်အချင်းပြည့်ဝသော အလုပ်သမားအင်အားထု ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် ရည်မှန်းချက်များ၊ အလုပ်သမားထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အလေးထားရန်လိုပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား မပြေလည်မှုများအား လုပ်ငန်းခွင်အတွင်းမှာပင် ညှိနှိုင်းဖြေရှင်းပေးသည့် ဓလေ့များပိုမိုရှင်သန်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊
ယခင်ပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင်လည်း မိမိတို့ဝန်ကြီးဌာနရဲ့ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်၊ ဥပဒေအမှုအခင်းကိစ္စရပ်များ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဘတ်ဂျက်သုံးစွဲရေးကိစ္စရပ်များ၊ ပြည်ပနိုင်ငံများသို့ သင်တန်းသားများ၊ Seminar များ၊ အစည်းအဝေး များအတွက် စေလွှတ်သည့်ကိစ္စရပ်များ၊ ဝန်ထမ်းများဌာနစိတ်ဓာတ်ထက် ဝန်ကြီးဌာန၏ စိတ်ဓာတ် များထားရှိစေရန်၊ ပြည်သူအားအဆင်ပြေစွာပြောဆိုဆက်ဆံရန် စသည့်ကိစ္စရပ်များကိုအသေးစိတ် ဆွေးနွေးမှာကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကိုလည်း ယနေ့ကျင်းပ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်တင်ပြကြစေလိုကြောင်း၊
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၅၀၀၀ ဦး စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်လျက်ရှိပြီး ဧပြီလမှ ဒီဇင်ဘာလအထိ အလုပ်အကိုင် (၁၈) မျိုးအတွက် ကျွမ်းကျင်လုပ်သား ၂၇၀၀ ဦးကျော်အား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အောင်မြင်သူ ၂၃၀၀ ဦးကျော်ရှိပါကြောင်း၊ လျာထားချက်ပြည့်မီအောင် ပြည်ပအဖွဲ့အစည်းများနှင့် အခြားသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရန်ရှိပါကြောင်း၊
လူမှုဖူလုံရေးကိစ္စရပ်များအနေဖြင့် မိမိတို့၏ ဆေးရုံ၊ ဆေးခန်းများအပေါ် အလုပ်သမားများမှ ယုံကြည်ကိုးစားမှုပိုမိုရရှိစေရန်နှင့် ထည့်ဝင်ကြေးအပေါ်ထည့်ဝင်သည့် အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် ကျေနပ်မှုများပိုမိုရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိဌာနများ၏ ကိန်းဂဏန်းများ မှန်ကန်စေရေးသည် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်ရည်ရွယ်ချက် များ အောင်မြင်စေမည်ဖြစ်ကြောင်း၊ လုပ်သားအင်အားစာရင်း၊ အလုပ်လက်မဲ့စာရင်းများ၊ လူမှုဖူလုံရေး ကိန်းဂဏန်းစာရင်းများအား တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကိန်းဂဏန်းများနှင့် ရုံးချုပ်၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာရုံးများနှင့် CSO များမှ ကောက်ယူထားသည့် ကိန်းဂဏန်းများ ကိုက်ညီရန် လိုပါကြောင်း၊
မိမိတို့၏ဆောင်ရွက်ချက်များအား အချိန်နှင့်တပြေးညီ မီဒီယာများမှတဆင့် ပြည်သူများ သိရှိစေရေးဆောင်ရွက်ရန်နှင့် ပြည်သူနှင့်အတူ ဆိုသည့် နိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီ ပြည်သူများ ပါဝင်လာစေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သန်းကျော်အား CI ပြုလုပ်ပေးနိုင်ခဲ့ပြီး Passport များကိုလည်း ယခင်ကာလများထက်ပိုမို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်လာပြီဖြစ်ပါကြောင်း၊ တရားမဝင်အလုပ်သမားစေလွှတ်သည့် အေဂျင်စီများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မလေးရှားနိုင်ငံသို့လည်း အလုပ်သမားများ ပြန်လည်စေလွှတ်ခွင့်ရရှိပြီဖြစ်၍ အမြန်ဆုံးစေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်း ဥပဒေမူဝါဒများနှင့်အညီ စေလွှတ်နိုင်ရေးအတွက် အေဂျင်စီများအား ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊
သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များ၏ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ယုံကြည်အားကိုးရသည့် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အလုပ်တာဝန်များကို မိမိအားယုံယုံကြည်ကြည် အပ်နှင်းခြင်းခံရသဖြင့် သက်ဆိုင်ရာဒေသရှိ အကြီးအကဲများနှင့် ရင်းနှီးမှုပိုမိုရရှိပြီး မိမိ၏ဝန်ထမ်းများ၊ ရုံးကိစ္စလုပ်ငန်းများ တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသတွင်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အစိုးရလုပ်ငန်းများကို စေတနာထားပြီး အောင်မြင်အောင် ဝိုင်းဝန်း၍ဥပဒေနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်းမှာကြားခဲ့ သည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန် အပါအဝင် အလုပ်သမားရေးရာဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ခဲ့ကြပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများက ရှင်းလင်း တင်ပြခြင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများက ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြကာ ဇန်နဝါရီလ ၇ ရက်နေ့တွင် အစည်းအဝေး ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ များနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများက လုပ်ငန်းလိုအပ်ချက်များ အခက်အခဲများနှင့် တိုးတက်မှုအနေအထားတို့ကို တင်ပြဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။