ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေ ကိုယ်စားလှယ် Janet E. Jackson နှင့်အဖွဲ့အား နေပြည်တော်၌တွေ့ဆုံ၊ သန်းခေါင်စာရင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး ဆွေးနွေး။

နေပြည်တော်၊ မတ် ၇ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Janet E. Jackson နှင့်အဖွဲ့အား မတ်လ(၆)ရက် ညနေ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယင်းလုပ်ငန်းစဉ်အတွေ့အကြုံများကိုအခြေခံ၍ နောင်ကောက်ယူဆောင်ရွက်မည့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များ၌ အကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ သန်းခေါင်စာရင်းဆိုင်ရာ နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (ITAB) ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထုတ်ပြန်ပြီးဖြစ်သော သန်းခေါင်စာရင်းအချက်အလက်များ၊ သန်းခေါင်စာရင်းမြေပုံနှင့် သုတေသနစာတမ်းများအား အချက်အလက်အသုံးပြုသူများ ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် လူမှုအဖွဲ့အစည်းများ၊ စာကြည့်တိုက်များသို့ ဖြန့်ဝေဆောင်ရွက်ပေးမှု၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် Website တွင် လွှင့်တင်ဆောင်ရွက်ထားရှိမှု၊ သန်းခေါင်စာရင်းအချက်အလက်များအပေါ်အခြေခံ၍ လူဦးရေမူဝါဒ ရေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ သန်းခေါင် စာရင်းလုပ်ငန်းစဉ်များတွင် UNFPA မှ ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)