ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား နေပြည်တော်၌ တွေ့ဆုံ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

နေပြည်တော်၊အောက်တိုဘာလ ၂၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား အောက်တိုဘာလ (၂၆)ရက်၊ ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း လက်ရှိဖြစ်ပေါ်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံ နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် NV Card ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ မှပူးပေါင်းကူညီ ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။(-)