ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး Mr. Kerem Divanlioglu အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာလ ၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Kerem Divanlioglu အား နိုဝင်ဘာလ(၃၀)ရက်၊ မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာ- တူရကီ နှစ်နိုင်ငံကြား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် NV Card ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။(-)