ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်မြို့ မေလ ၁၁ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် OSCအထွေထွေရောဂါကုဆေးရုံနှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-OSC အထွေထွေရောဂါ ကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ OSCအထွေထွေရောဂါကုဆေးရုံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားပထမအစီအစဉ်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေ:နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ OSC ဆေးရုံတာဝန်ခံ၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ် တို့က ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှု့ကြသည်။
ဆက်လက်ပြီး အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ကျင်းပခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှမှုနှင့်သဟဇာတဖြစ်မှုများထွန်းကား သော မြန်မာ့လူ့ဘောင်တစ်ရပ် တည်ဆောက်ရန် မျှော်မှန်းပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွား ဘဝလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့် ရှောက်ရေးမဟာဗျူဟာစီမံချက်ကိုရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမား၊အလုပ်ရှင်တို့၏ ထည့်ဝင်ကြေးငွေတို့ဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစား ရရှိစေရန် လူမှုဖူလုံရေးစီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားလုပ်ကိုင်သည့် Provider Purchaser Split (PPS)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စမ်းသပ်ဆေးခန်းများကို ၂၀၁၈ ခုနှစ် တွင်စတင်၍ ဆေးခန်း (၆) ခန်းဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ် လုပ်ကိုင်နေကြတဲ့ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အဆင်ပြေ စွာရရှိ နိုင်စေရန် လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းကိုစမ်းသပ်စီမံကိန်း (Pilot Project) အနေဖြင့်ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည်ပြည်သူလူထု၏ ကျန်းမာရေး အခြေအနေကိုတိုးတက်လာနိုင်စေရုံမျှမကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းအထောက်အကူပြုစေပြီးအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီရရှိရေးသည် နိုင်ငံတော်၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်ကိစ္စရပ်တစ်ခုဖြစ် ပါကြောင်း၊ ဆေးဝါးကုသမှုပေးခြင်းလုပ်ငန်းကို အာမခံအလုပ်သမားများ စိုက်ထုတ်သုံးစွဲမှုမရှိ အောင်ဆောင်ရွက်ပေးပြီး ဆေးဖိုးစိုက်ထုတ်သုံးစွဲငွေများကို ပြန်လည်တောင်းခံရာမှာ မြန်မြန် ဆန်ဆန်ခွင့်ပြုထုတ်ပေးခြင်းဖြင့် အလုပ်သမားများရဲ့ယုံကြည်အားထားမှုကို ပိုမိုရရှိစေမှာ ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် (၂၉)ဇုန်၊ အထူးစီးပွားရေးဇုန် (၁) ဇုန်ရှိပြီး လုပ်သား အင်အား (Labour Force) မှာ (၃.၀၉) သန်း ခန့်ရှိတဲ့အတွက် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ ထက်လုပ်သားအင်အားများပြားပြီး ဒေသတွင်းရွှေ့ပြောင်းလုပ်ကိုင်တဲ့ အလုပ်သမား များပြားလျက် ရှိတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊လူမှုဖူလုံရေးအဖွဲ့မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများ အပြင် ခေတ်မီ ဆေးရုံတစ်ရုံဖြစ်တဲ့ OSC ဆေးရုံနဲ့စာချုပ်ချုပ်ဆိုပြီးအလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက် မှုကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးတာဖြစ်လို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ယခုလိုဆောင်ရွက်ပေးတဲ့အတွက် အလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် ကို တစ်ဖက်တစ်လမ်းက သက်သာစေမှာဖြစ်ပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိတဲ့ လူမှုဖူလုံရေးစီမံကိန်းဟာ အလုပ်သမားတွေရဲ့ လူမှုစီးပွားဘဝအထောက်အကူဖြစ်စေမည့်အပြင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပေးနိုင်မှာဖြစ်တဲ့အတွက် ဒီပြုပြင်ပြောင်းလဲမှုကိုအောင်မြင်စွာ အကောင်အထည် ဖော်တဲ့နေရာမှာ မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင် ရွက်သွားမှာဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ၊ ဆေးရုံမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှတက်ညီလက်ညီ ပူးပေါင်းပါဝင်သွားကြဖို့တိုက်တွန်း ပြောကြားလိုပါကြောင်းပြောကြား သည်။
၎င်းနောက် OSC ဆေးရုံမှ တာဝန်ရှိသူ ဦးသူရအောင်က ဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးအေးထွေး(Hollywood ပေါင်မုန့် စက်ရုံ) နှင့်အလုပ်သမားကိုယ်စားလှယ် ဒေါ်နှင်းရီအေး (ရှင်ဆောင်းအထည်ချုပ်စက်ရုံ) တို့က ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဒေါက်တာသန်းဝင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်ဦးမြင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး မှ အလုပ်ရှင်ကိုယ်စားလှယ် ဦးအေးထွေးနှင့် အလုပ်သမားကိုယ်စားလှယ် ဒေါ်နှင်းအေးရည် အားလည်းကောင်း၊ ဦးအောင်မင်း (Chir Man OSC) ဆေးရုံ မှပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး တို့အားလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဦးသူရအောင် (ManagingDirector)OSCဆေးရုံ တို့အား လည်းကောင်း ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် များပေးအပ်ခဲ့ပါသည်။
အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမျာကိုပိုမို ထိရောက်ကျယ်ပြန့်စွှာဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများနှင့်သဘောတူ စာချုပ်ချုပ်ဆိုပြီး Provider Purchaser Split (PPS) စနစ်အရပြင်ပလူနာ ကျန်းမာရေးစောင့် ရှောက်မှုကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ၌ကျင့်သုံးလျက်ရှိသည့် Capitation စနစ်အရငွေပေးချေမှုဖြင့် ဆေးခန်းများ ကိုဖွင့်လှစ်၍ လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးဝန်ဆောင်မှု တစ်ကြိမ် အတွက် သတ်မှတ်နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း (Per Visit) ဖြင့်လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက် (Fee for Service) ဖြင့်ငွေပြန်လည်ပေးချေခြင်း ဖြင့်လည်းကောင်း စမ်းသပ်ကျင့်သုံးအကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။