မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

January 21st, 2012, Filed under news

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ အမျိုးသားအဆင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (ဝ၉:၃ဝ) နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်ကြည်မှ အမှာစကားပြောကြားရာ၌ ကျွမ်းကျင်လုပ်သား ပြုစုပျိုးထောင်နိုင်ရန် ၂၀၁၅ ခုနှစ်တွင်  အာဆီယံဒေသအတွင်း ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာကူးပြောင်းလုပ်ကိုင်နိုင်ရန် နှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ အမျိုးသားအဆင့် ကျွမ်းကျင်မှု စံ များ သတ်မှတ်ရေးနှင့် ကျွမ်းကျင်မှုစမ်းသပ် စစ်ဆေးရေး၊အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးစနစ် တည်ထောင်ရေးစီမံကိန်းကို ဆောင်ရွက် နေကြောင်း၊ အဆိုပါ အဖွဲ့အနေဖြင့် အလုပ်အကိုင်  (၁၅၅) မျိုး၏ လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှု “ စံ”များ ရေးဆွဲပြီးဖြစ်ရာ (၅၅) မျိုးမှာ အစိုးရအဖွဲ့မှ နိုင်ငံအဆင့် ကျွမ်းကျင်မှု “စံ”အဖြစ် ပြဌာန်းခွင့် ပြုပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ဦးစားပေးအလုပ်အကိုင်များ ရွေးချယ်လျက် ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ စစ်ဆေးရေးနှင့်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စံ သတ်မှတ်ပြဌာန်းခြင်း လုပ်ငန်းသည် အနာဂတ်ကာလ မျိုးဆက်သစ်အလုပ်သမားများအတွက် အမွေခံကောင်းများ ရရှိစေမှာဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံအလုပ်သမားများအနေဖြင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ရရှိ ထားခြင်းဖြင့် မိမိလုပ်ငန်းတွင် အာမခံချက်ရှိရှိလုပ်ကိုင်နိုင်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်လာနိုင် ကြောင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ ဥက္ကဌ အလုပ်သမား ဝန်ကြီးဌာန   ဒုတိယဝန်ကြီး၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အစိုးရဌာနများ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

အစည်းအဝေး တက်ရောက်လာကြသူများမှ   အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးအတွက်   စစ်ဆေးရေးဌာနများကို  အစိုးရ ၊  ပုဂ္ဂလိက ကဏ္ဍ၌ ဖွဲ့စည်း ထူထောင်ရန်   လိုအပ်ချက်များအား ဆက်လက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။