ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ပုဂ္ဂလိကဘဏ်များနှင့် တရားဝင်ချိတ်ဆက်၍ မိသားစုလွှဲပို့ငွေများ လွှဲပြောင်းနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီလ ၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ၁၀၀၀ အချိန်တွင် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှ ပုဂ္ဂလိကဘဏ်များနှင့် တရားဝင်ချိတ်ဆက်၍ မိသားစုလွှဲပို့ငွေများ လွဲပြောင်းနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုဘဏ်၊ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန်မှ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်ပေါ် နေမှုများ အဆိုပါအခက်အခဲများအား ကျော်လွှားနိုင်စေရန် ဆောင်ရွက်မည့် နည်းလမ်းများအား ယခုတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း၊ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မိသားစု လွှဲပို့ငွေများအား လုံခြုံစိတ်ချစွာဖြင့် တရားဝင်လမ်းကြောင်းများမှ မိမိနိုင်ငံသို့ အလွယ်တကူလွှဲပြောင်း စီးဝင်လာစေနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တာဝန်ခံဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်ကိုယ်စားလှယ်များ၊ အလုပ်သမားများစေလွှတ်နေကြသော အေဂျင်စီများ၊ Mobile Money လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များပါဝင်ကြကြောင်း၊ အကောင်းဆုံးနည်းလမ်းများ ကို ရှာဖွေနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊
မြန်မာနိုင်ငံသားများ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံများရှိ အလုပ်ရှင်၊ အလုပ် သမား၊ ဘဏ်များ၊ မြန်မာနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုများ၊ ဝန်ကြီးဌာန၊ အလုပ်သမားပို့ဆောင်ပေးနေသည့် အေဂျင်စီများ၊ ပြည်တွင်းရှိ အစိုးရ၊ ပုဂ္ဂလိကဘဏ်များ ချိတ်ဆက် ဆောင်ရွက်မည့်အစီအစဉ်နှင့် လက်ရှိ အလုပ်သမားများ၏ ယုံကြည်မှုအများဆုံးရရှိနေသည့် ပြည်တွင်း ပြည်ပဟွန်ဒီငွေလွှဲစနစ်များမှ ငွေလွှဲပြောင်းနေမှုများကို တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိလာစေရန် မည်သို့ချိတ်ဆက် ဆောင်ရွက်မည်ဆိုသည့် အချက်အလက်များကိုထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊
ပြည်ပသို့ ရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်မှုသည် လူဦးရေ၏ ၁၀% ကျော်ရှိသဖြင့် ပြည်ပနိုင်ငံအသီးသီးတွင် မြန်မာရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်သူ ၅ သန်းကျော်ရှိသဖြင့် ယခုလွှဲပို့သည့် ငွေပမာဏနှင့်နှိုင်းယှဉ်ပါက များစွာလျော့နည်းလျက်ရှိရာ မိသားစု လွှဲပို့ငွေတရားဝင်လမ်း ကြောင်းမှ ပိုမိုစီးဝင်နိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၊ ဖိတ်ကြားထားသည့် အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်အသီးသီးတို့မှ တာဝန်ရှိသူများမှ ဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြရာတွင် မိမိနိုင်ငံ၏ ဘဏ်ပိတ်ရက်များနှင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အလုပ်ပိတ်ရက်များနှင့် တိုက်ဆိုင်မှုမရှိခြင်း၊ ငွေလွှဲနှုန်းကွာဟချက်များခြင်း၊ ဟွန်ဒီစနစ်သည် အိမ်တိုင် ရာရောက် အချိန်ပိုင်းအတွင်း လျင်မြန်စွာရောက်ရှိခြင်း စသည့်အချက်များအား ဖြေရှင်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြည်ပမှပြန်လည်ပေးပို့ငွေများအနေဖြင့် ၂၀၁၆ – ၂၀၁၇ တွင် တိုးတက် ပေးပို့နိုင်ခဲ့ပြီး အမှန်တကယ်ယခုထက်ပိုမို ပေးပို့နိုင်သော အနေအထားရှိပြီး နိုင်ငံတော်မှာလည်း ယခင်ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြန်လည်ပေးပို့သည့် ငွေအပေါ် နိုင်ငံတော်၏ဝင်ငွေ၊ GDP ပါဝင်မှုနှုန်းထား တိုးတက်မြင့်မားစေပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်အားဖြင့် နိုင်ငံတော်အပေါ်မည်မျှအထိ အကျိုးရှိသည်ကို သိရှိပြီး အလုပ်သမားများ၏ အကျိုးခံစား ခွင့် အနာဂတ်စီမံကိန်းများ ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ပြီး အချို့အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်း လုပ်သားများမှ ပြန်လည်ပေးပို့သည့် ဝင်ငွေများမှ နိုင်ငံ၏စီးပွားရေးကိုလည်း အထောက်အကူပြုကြောင်း၊
လာမည့်ကာလများတွင် မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားစသည့် နိုင်ငံများသို့လည်း ဂုဏ်သိက္ခာရှိစွာ ဥပဒေနှင့်အညီ ကုန်ကျစရိတ်သက်သာစွာဖြင့် အလျင်အမြန်ဆုံး စနစ်များဖြစ်စေရန်၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများဖြင့် အဆင်ပြေချောမွေ့သည့် လုပ်ငန်း များဖြစ်စေရန် နိုင်ငံတော်အစိုးရဘက်မှလည်း ဖြေလျော့နိုင်သမျှ ဖြေလျော့နိုင်စေရန် ဖြေလျော့ပေးနိုင် ရန် အတွက်လည်း နိုင်ငံတော်အကြီးအကဲများမှလည်း စဉ်းစားထားပြီး၊ မလိုလားအပ်သည့် ကြိုးနီစနစ် များ၊ နှောင့်နှေးကြံ့ကြာမှုများ မဖြစ်အောင်ဖြေလျော့ရန် အသင့်ဖြစ်ပြီး အစိုးရဘက်မှ တစ်ဘက်တည်း ဖြေလျော့ရန်မဖြစ်နိုင်ပဲ၊ အလုပ်သမားအကျိုးစီးပွားများအား ကာကွယ်ရန်ရှိသည့်အတွက် ပြည်ပသို့ အလုပ်သများပို့ဆောင်ပေးနေသည့် အေဂျင်စီများနှင့် အစိုးရအဖွဲ့များပေါင်းစပ်ပြီး လိုအပ်သည့် အချက် များဖြည့်စည်းပေးမှသာ စနစ်တကျဖြေလျော့နိုင်မည်၍ အဓိကအားဖြင့် အစိုးရအဖွဲ့၊ ဝန်ကြီးဌာန အနေ ဖြင့် နိုင်ငံသားအလုပ်သမားများကို ပိုမိုးတိုးတက်ပြီးစနစ်တကျ ဥပဒေနှင့်အညီ မြန်ဆန်သည့် နည်း စနစ် လုပ်ထုံးလုပ်နည်းများဖြင့် ပိုမိုအကုန်အကျသက်သာစေသည့် ပိုမိုလုံခြုံစိတ်ချရသည့် ပြောင်းရွှေ့ မှုများဖြစ်စေရန် ကြိုးစားဆောင်ရွက်နေပြီးဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း၊ အဓိကအချက်အနေဖြင့် ယနေ့ဆွေးနွေးနေသည့် မိသားစုလွှဲပို့ငွေများကို တရားဝင် လွှဲပို့ပေးနိုင်ရန် ကိစ္စဖြစ်ပြီး ယနေ့အချိန်ထိ နိုင်ငံတော်အစိုးရမှ အလုပ်သမားများထံမှ မည်သည့်အခွန်မျှ ကောက်ခံခြင်းမရှိသေးပဲ ပြည်ပသို့သွားရောက်သည့် အချိန်တွင်သာ သတ်မှတ်ထားသည့် ငွေကြေး ကိုသာ ကောက်ခံနေခြင်းဖြစ်ပြီး ဘဏ်များအနေဖြင့် အလုပ်သမားများ၏ အခက်အခဲများအား နားထောင်ပြီး ဘဏ်များ၏လိုအပ်ချက် စည်းမျဉ်းစည်းကမ်းများညီညွှတ်အောင်မည်သို့ ဖြည့်စွက် ဆောင်ရွက်ပြီး မည်သို့ အကောင်အထည်ဖော်နေသည်ဆိုသည့် နည်းလမ်းများရှာဖွေဆောင်ရွက်ပေးကြ ရန်နှင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်နိုင်ကြပြီး မိမိတို့နိုင်ငံရှိ ဘဏ်များ နှင့် အေဂျင်စီများမှ အဆင်ပြေအောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း အဖြေတစ်ခုရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဖြေတစ်ခုရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းနှင့် ယခုဆွေးနွေးပွဲနှင့် ရပ်တန့်မနေပဲ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်တာကို အဆင့်ခွဲခြားပြီး ကြိုးစားလုပ်ဆောင်ပေးကြပါရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။