ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ Euro Cham Myanmar ၏ Executive Director ဖြစ်သူ Mr. Filip Lauwerysen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Euro Cham Myanmar ၏ Executive Director ဖြစ်သူ Mr. Filip Lauwerysen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၉ ခုနှစ် မတ်လ အတွင်း Euro Cham Myanmar မှ ဆွေးနွေး အကြံပြု ခဲ့သည့် အချက်အလက်များနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်ဆောင်ရွက်ထားရှိမှုများ အပါအဝင် ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင် ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် ၁၀၈ ကြိမ်မြောက် ILC ညီလာခံ ၌ အလုပ်သမားရေးရာကိစ္စ တိုးတက်ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ အပါအဝင် သက်ဆိုင်ရာ မိတ်ဖက်ဝန်ကြီးဌာနများ ILO၊ IOM နိုင်ငံတကာအဖွဲ့အစည်းများနှင့် EU အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုနောက်ပြည်ထောင်စုဝန်ကြီးမှဆက်လက်ဆွေးနွေးရာတွင် EBA (Everything But Arms) ရုပ်သိမ်းသွားပါက အခြေခံအလုပ်သမားများဖြစ်ကြသည့် အထူးသဖြင့်အမျိုးသမီးအလုပ်သမားများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးပြီး လည်းကောင်းတို့၏ ဝင်ငွေနည်းမိသားစုများပါ ထိခိုက်နိုင်မည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်များနှင့်နိုင်ငံ၏ ဝင်ငွေများပါထိခိုက်စေပြီး နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှုများစွာ ကျဆင်းနိုင်ပါကြောင်း၊ ပြည်သူအများစုက မျော်လင့်ထားသည်မှာ ဒီမိုကရေစီအရပ်သားအစိုးရတက်လာပါက EU အပါအဝင် အခြားနိုင်ငံများကပါ ဝိုင်းဝန်းကူညီ၍ လိုအပ်ချက်အချို့ကို ဖြေလျော့ပေးမည်ဆိုလျှင် စီးပွားရေး၊ အလုပ်အကိုင်များနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်လာမည်ဟု မျော်လင့်ထားပါကြောင်း၊ Euro Cham Myanmar မှ အဓိကဆွေးနွေးလိုသည့် အချက်(၃)ချက် ဖြစ်သည့် ရခိုင်ပြည်နယ်ကိစ္စ၊ သတင်းလွတ်လပ်ခွင့်ကိစ္စနှင့် အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စများနှင့်ပတ်သက်၍ ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် MOU ရေးထိုးပြီး နှစ်နိုင်ငံ အကောင် အထည်ဖော်နိုင်ရေး ဆွေးနွေးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ UNHCR ၊ UNDP အဖွဲ့များနှင့်လည်း MOU ရေးထိုးကာကွင်းဆင်းလေ့လာမှု(၃)ကြိမ်ဆောင်ရွက်ခဲ့ပြီး MOU သက်တမ်း ထပ်မံ၍ဆက်လက်တိုးမြင့်ရန်မူအားဖြင့် သဘောတူညီပြီးဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်ရခိုင်ဒေသ ကိုအေးချမ်းတည်ငြိမ်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍မိမိတို့နိုင်ငံသည်ဒီမိုကရေစီစနစ်ကိုစတင်ကူးပြောင်းကျင့်သုံးနေသည့်နိုင်ငံဖြစ်ရာသတင်း လွတ်လပ်ခွင့်အနေဖြင့်တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတင်းလွတ်လပ် ခွင့်များရှိအောင် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ အလုပ်သမားဥပဒေပြုပြင်မှုများ နှင့်ပတ်သက်၍ အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုဥပဒေအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း ထိုသို့ဥပဒေမပြဌာန်းမှီ အစိုးရ၊ အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင်အကြိမ်ကြိမ်ကြား နာဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ ထဲထဲဝင်ဝင် အသေးစိတ်ဆွေးနွေးပြီးအတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် ပတ်သက်၍လည်း အလုပ်ရှင်၊အလုပ်သမားများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစား၍ ဌာနတွင်း ဆွေးနွေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထို့အတူသုံးပွင့်ဆိုင်ဆွေးနွေးပွဲများအမြန်ဆုံး ပြန်လည်စတင် နိုင်ရေးဆောင်ရွက်လျှက်ရှိရာ ၁၀၈ ကြိမ်မြောက် ILC ညီလာခံမတိုင်မှီ အဆင်ပြေမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့် ILO နှင့်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး အမျိုးသား အဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား(National Complaints Mechanism – NCM) ထူထောင်ရေးနှင့် ILO ကွန်ဗန်းရှင်း တစ်ခု အား ၁၀၈ ကြိမ်မြောက် ILC ညီလာခံမတိုင်မှီသဘောတူ လက်မှတ်ရေးထိုးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဌာနတွင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း၊ အပါအဝင် အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။