ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Ms. Ulha Toernaes နှင့်အဖွဲ့တို့အား နေပြည်တော်၌ တွေ့ဆုံ၊ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာလ ၃၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ms. Ulha Toernaes ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. Peter Lysholt Hansen တို့အား အောက်တိုဘာလ (၃၁)ရက်၊ ယနေ့ညနေ(၄) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါလုပ်ငန်းများအနက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်နှင့် NV Card ထုတ်ပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား အလုပ်သမားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(-)