ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiisr အား နေပြည်တော်၌ တွေ့ဆုံ၊ ဝန်ကြီးဌာန နှင့် UNHCR တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ မတ် ၂၀ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiisr အား မတ်လ(၂၀)ရက်ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှု၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ပြန်လည်လက်ခံရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ MoU လက်မှတ်ရေးထိုးဆောင်ရွက်မည့်အစီအစဉ်၊ UNDP နှင့် UNHCR တို့မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)