ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသည့်ဝန်ကြီးများအား လုပ်ငန်း ဆောင်ရွက်ချက်များရှင်းလင်းခြင်း အခမ်းအနားတက်ရောက်၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို သိရှိနားလည်ပြီး လုပ်ငန်းစဉ်များအောင်မြင်ရေး ကြပ်မတ်ဆောင်ရွက်ရန်မှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်နေသည့်ဝန်ကြီးများအား လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းခြင်းကို ဒီဇင်ဘာ (၁၀) ရက်၊ မွန်းလွဲ(၂)နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး / ပြည်နယ်အသီးသီး တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မိမိ တို့ဝန်ကြီးဌာနသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ဌာနအနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများဖော်ဆောင်ရာမှာလည်း ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လိုအပ်ချက်များကိုသုံးသပ်ကာ လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန် မှစ၍ သစ္စာစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ္စာစီမံချက်ရေးဆွဲ ဆောင်ရွက်ရာတွင်လည်း ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန် (၃) ရပ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်း စသည့်ရည်မှန်းချက်တာဝန်များကိုအခြေခံ၍ ပြည်သူ့အတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များအဖြစ် ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည်လည်း ပွဲပြီးမီးသေမဟုတ်ဘဲ၊ ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် ရည်မှန်းချက်တာဝန်များဖြစ်သည်နှင့်အညီ လုပ်ငန်းတာဝန်များအောင်မြင်ရေးအတွက် အရှိန်အဟုန် မပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို အသိပေးပြောကြားလိုပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ဝင်ဗီဇာကိစ္စများ၊ ပြည်တွင်း / ပြည်ပ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်သည့် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသား ဟုတ်/ မဟုတ်စိစစ်ခြင်း၊ နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမား များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့အင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ်ကောက်ယူနိုင်ခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းအင်းအချက်အလက်များကို အခြေခံအသုံးပြု၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခုလက်ရှိအဓိကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများဖြစ်သည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ၂၀၂၀ ပြည့်နှစ်တွင်ဆောင်ရွက်မည့် အထွေထွေရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းနှင့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်း စသည့်လုပ်ငန်းများသည် နိုင်ငံတော်အတွက်အလွန် အရေးပါသည့် လုပ်ငန်းများဖြစ်ပါကြောင်း ၊ ယင်းလုပ်ငန်းစဉ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပြီး ကြီးမားကျယ်ပြန့်၍ ခက်ခဲနက်နဲသည့်လုပ်ငန်းများဖြစ်ပါ ကြောင်း၊ မိမိတို့ ဌာနသာမက အခြားသောဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည့်ဒေသအာဏာပိုင်အဖွဲ့အစည်းများအားလုံးက ပံ့ပိုးကူညီမှုဖြင့် ပြည်သူအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့် ယင်းလုပ်ငန်းစဉ်များ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို နားလည်သဘောပေါက်ပြီး လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အဆင့်လုပ်ငန်းစဉ်များဖြစ်ပြီး နိုင်ငံနှင့် ပြည်သူအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံအတွက် သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် လုပ်ငန်းစဉ်များလည်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပြီး ပြည်သူအားလုံးနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရသကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့်ပါ ထိတွေ့ဆက်ဆံဆောင်ရွက်ရခြင်းကြောင့် ဝန်ထမ်းအားလုံးသည် ဆက်ဆံရေး ပြေပြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားနေရန်လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့်လည်း ဌာန၏ရည်မှန်းချက်တာဝန်များကို သိရှိနားလည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်မှာဖြစ်ပါကြောင်း၊ ဌာန၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အလိုက် အသေးစိတ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ရှင်းလင်းတင်ပြကြမည်ဖြစ်သည့် အတွက် မရှင်းလင်းသည့်အချက်အလက်များ၊ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေး ၍ အကြံကောင်း၊ ဉာဏ်ကောင်းများပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့်တာဝန်ရှိသူများက ဌာန၏လုပ်ငန်းကဏ္ဍ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူ ရေးဆိုင်ရာလုပ်ငန်းစဉ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက်မဲစာရင်းပြုစုရာတွင် ဌာနနှင့်ပတ်သက် သည့်လုပ်ငန်းများဆောင်ရွက်မှု၊ e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ များနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဝန်ကြီးများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားပြီး ဝန်ကြီးများ၏ သုံးသပ်အကြံပြုချက်များအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိဌာန၏ ရည်မှန်းချက်တာဝန်များအောင်မြင်ရေးအတွက် ပူးပေါင်းကူညီကြိုးပမ်းဆောင်ရွက်ပေးကြ ရေးနိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။