ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၃၀၀ အချိန်တွင် ရုံးအမှတ် (၅၁) ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အသစ်ပြန်လည်ဖွဲ့စည်း ထားသော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဝင်အသစ်များကို အောင်မြင်စွာ ပြန်လည်ရွေးချယ်တင်မြောက်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့်အေဂျင်စီများသည် အများယုံကြည်အားကိုးပြီး လေးစားထိုက်သူ၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးထမ်းဆောင်နိုင်သူ၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူများဖြစ်ရန် လိုအပ် ပါကြောင်း၊ ပွဲစားများ၏ လိမ်ညာခြင်း၊ အခကြေးငွေပိုမိုကောက်ခံခြင်းများမခံရစေရန်နှင့် အလုပ်အကိုင်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်း (Job Fair) တွေကို လစဉ်တာဝန်ယူကျင်းပစေလိုကြောင်း၊ ပြည်ပနိုင်ငံများသို့ အထွေထွေလုပ်သား စေလွှတ် ခြင်းမှတစ်ဆင့် ကျွမ်းကျင်လုပ်သားစေလွှတ်နိုင်ရေးအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်သိက္ခာနှင့် အကျိုး စီးပွားကိုရှေ့ရှုပြီး သိက္ခာရှိသောအဖွဲ့ချုပ်အဖြစ် ရပ်တည်သွားစေလိုကြောင်းနှင့် ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများမှတဆင့် နိုင်ငံတော်၏စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်မှုကို တဖက် တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်၊ အလုပ်သမားများ၏ မျှော်လင့်ချက်ကို ကူညီပံ့ပိုးပေးရန် လိုပါ ကြောင်း၊ အေဂျင်စီများ၏ အကျိုးစီးပွားများကိုလည်း ဖြစ်ထွန်းစေလိုကြောင်း ထို့အပြင် အသင်းချုပ်ကြီး အနေဖြင့် အေဂျင်စီများမှ အားကိုးအားထားပြုနိုင်သည့် အသင်းအဖွဲ့ကြီးတစ်ခုဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သည်များကို တင်ပြ ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လှန်ဖြေကြား၊ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုအား ၁၅၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။