အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်း ထူးချွန်သင်တန်းသားများနှင့် အကောင်းဆုံးအထည်ချုပ် စက်ရုံများကို ဆုချီးမြှင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၈ ရက်
၈-၁၂-၂၀၁၉ရက်နေ့တွင်ရန်ကုန်မြို့၊ Melia Hotel၊ အင်းယားခန်းမ၌အောင်မြင်မှုအထည် ချုပ်သင်တန်းကျောင်းမှ ဒုတိယစီမံကိန်းကာလတွင် ဖွင့်လှစ်မည့် သင်တန်းများမိတ်ဆက်ခြင်း၊ ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးအထည်ချုပ် စက်ရုံများကိုဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ် ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့အစည်း (LIFT) နှင့် Care International မှတာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ အောင်မြင်မှုသင်တန်းကျောင်းမှတာဝန်ခံများ၊ အထည် ချုပ်လုပ်ငန်းရှင်များ၊သင်တန်းသားများစုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာ့အထည်ချုပ်ကဏ္ဍသည်၂၀၁၃ခုနှစ်ကစပြီး “ကုန်သွယ်မှု အထူးအခွင့်အရေး” (GSP) ရခဲ့၍မြန်မာ့လုပ်သားဈေးကွက်၌ အလုပ်အကိုင်အခွင့်အလမ်း အများ ဆုံးဖန်တီးပေးနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်၍ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်များစွာအရေးပါကြောင်း၊၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သည့် ပထမအကြိမ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာအရ အထည်ချုပ်လုပ်သားအင်အား ၉၀ % ကျော်သည် ကျေးလက်ဒေသမှ မြို့ပြသို့ပြောင်းရွှေ့ပြီး အသက်မွေးဝမ်းကျောင်းအတွက် လာ ရောက်ကြသော အမျိုးသမီးရွှေ့ပြောင်းလုပ်သားများဖြစ်သဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်ပေးရန်လိုကြောင်း၊အထည်ချုပ်ကဏ္ဍအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြည်ပ ပို့ကုန် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်ကို Export တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံအထိ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပြည်ပပို့ကုန်တင်ပို့မှု နှစ်ဆကျော်တိုးတက်လာသဖြင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာ့အထည်ချုပ် လုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြပြီး အများဆုံး လာရောက်မြှုပ်နှံ ကြောင်း ပြောကြားခဲ့သည်။
မြန်မာ့အထည်ချုပ်ကဏ္ဍကို ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်လာစေရေး ကျွမ်းကျင်လုပ်သားများဖြစ်စေရန် စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး ကျွမ်း ကျင်မှုအဆင့်အလိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ့အထည်ချုပ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဝန်ကြီးဌာနနှင့်အောင်မြင်မှုစီမံကိန်းတို့ပူးပေါင်း၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ) ၌အထည်ချုပ်ကျွမ်းကျင်သင်တန်း၊ အထည်အရည်အသွေးစစ်ဆေး ခြင်းသင်တန်း၊ အထည်ချုပ်စက်ပြင်သင်တန်း၊ ကြီးကြပ်ရေးမှူးသင်တန်း၊ အထည်ဖြတ်သင်တန်း၊ ကွန်ပျူတာဖြင့်ဒီဇိုင်းပုံဖော်ခြင်းသင်တန်း၊ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာစီမံခန့်ခွဲရေးသင်တန်း များ ဖွင့်လှစ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အောင်မြင်မှုသင်တန်းကျောင်းနှင့်ပူးပေါင်း ဆောင်ရွက်ရာတွင်ရလာဒ်ကောင်းများရရှိခဲ့၍ Care International ၏ထောက်ပံ့မှုဖြင့်အထည်ချုပ် သင်တန်းများဆက်လက်ပို့ချနိုင်ရန်နားလည်မှုစာချွန်လွှာကာလကို၂၀၁၉ခုနှစ်၊ဇူလိုင်လမှ၂၀၂၁ခုနှစ်၊ဇွန်လထိသက်တမ်းတိုးဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့အနေဖြင့် အထည်ချုပ် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရအထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန(၄)ခု၊ ပုဂ္ဂလိက အထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန (၂၇) ခု၊စုစုပေါင်း (၃၁) ခုကို အသိအမှတ်ပြုထားပြီး အထည်ချုပ်ကျွမ်းကျင်မှုအဆင့် (၁) တွင် ကျွမ်းကျင်လုပ်သား (၃၅၅၅) ဦးနှင့်အဆင့် (၂) တွင် ကျွမ်းကျင်လုပ်သား(၄၀)ဦးကိုကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များပေးအပ်ပြီးကြောင်း၊ ယနေ့ အခမ်းအနားတွင် အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှ အထည်ချုပ်သင်တန်းတွင် ထူးချွန် သင်တန်းသား (၁၀) ဦးနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး အထည်ချုပ်စက်ရုံ (၁၆) ရုံကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။