အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကျင်းပခြင်း

ရန်ကုန်၊ မတ်လ ၁၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA)၏၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား ၅၀၀၀ ဦး စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အရ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ဆေးအောင်မြင်ခဲ့သည့်အလုပ်အကိုင် (၁၃) မျိုးအတွက်ကျွမ်းကျင်လုပ်သား (၆၁၁) ဦး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၇) ခုနှင့် စစ်ဆေးအကဲဖြတ်သူ (၅၆)ဦးကို ရန်ကုန်မြို့၊ ဗဟိုဆောက်လုပ်ရေးသင်တန်းကျောင်း (သုဝဏ္ဏ)၊ အစည်းအဝေးခန်းမ၌ မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ Assessment Center များမှတာဝန်ရှိသူများ၊ Chief Assessor များ၊ Assessor များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သည့်လုပ်ငန်းစဉ်တွင်ပါဝင်ခဲ့ကြသည့် ကျွမ်းကျင်လုပ်သားများတက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား ၅,၀၀၀ ဦး စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အရ ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အလုပ်အကိုင် (၁၈) မျိုးအတွက် ကျား (၃၆၂၇) ဦး၊ မ (၁၂၅၀) ဦး၊ စုစုပေါင်း (၄၈၇၇) ဦး ကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အောင်မြင်သူကျား (၃၁၆၇) ဦး၊ မ (၁၁၂၄) ဦး၊ စုစုပေါင်း (၄၂၉၁) ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း (၈၈%) ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သား ၅,၀၀၀ ဦး စိစစ်ရန်စီမံချက်အရ အလုပ်အကိုင် (၇) ခုကို ပြည့်မီအောင် စိစစ်နိုင်ခဲ့ပြီး စျေးကွက်ဝင် ကျွမ်းကျင်လုပ်သားအများအပြား လိုအပ်နေသည့် အထည်ချုပ်အလုပ်အကိုင်နှင့် လျှပ်စစ်လုပ်သားအလုပ်အကိုင်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အလုပ်အကိုင်များကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း လာရောက်ဖြေဆိုသူများပြား၍ လျာထားချက်ထက်ကျော်လွန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လကုန်တွင် အကဲဖြတ်စစ်ဆေးရန် သတ်မှတ်ထားသောကျွမ်းကျင်လုပ်သား ၅,၀၀၀ ဦးကို စစ်ဆေးရန်ရည်မှန်းချက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ဂုဏ်ယူဝမ်းမြောက်စွာအသိပေးလိုကြောင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းအောင်မြင်စွာလည်ပတ်နိုင်ရန် ကျွမ်းကျင်လုပ်သားလက်မှတ် ရှိ/ မရှိ မစိစစ်နိုင်ဘဲအလုပ်သမားများခန့်ထားခြင်း၊ မိမိ လေ့ကျင့်ထားသော ကျွမ်းကျင်လုပ်သားများကို ယှဉ်ပြိုင်ဘက်များက စျေးပိုပေးကာစွဲဆောင်ခံရခြင်း စသောစိန်ခေါ်မှုများကြောင့် မိမိလုပ်ငန်းအတွက်ကျွမ်းကျင်လုပ်သားစိစစ်ရေး၊ လက်မှတ်ရရှိရေး လုပ်ငန်းစဉ်မှာ စိုးရိမ်စိတ်နဲ့ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်း၊ အခက်အခဲများ ကျော်လွှားနိုင်ရန် လုပ်သားစျေးကွက်တွင် အမှန်တကယ်လိုအပ်နေသော ကျွမ်းကျင်လုပ်သားများရရှိလာစေရေး အမြော်အမြင်ကြီးမားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
NSSA ၏လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင်သည့်အနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် အတွင်းနိုင်ငံ၏ စီးပွားရေးအချက်အချာကျပြီး လုပ်သားစျေးကွက်လိုအပ်ချက်များပြားနေသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ အလုပ်သမားများအတွက် အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့် (၁) အသိအမှတ်ပြုလက်မှတ်များထုတ်ပေးနိုင်ရန်နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုကို သက်ဆိုင်ဌာန၊ အဖွဲ့ အစည်းများနှင့် စဉ်ဆက်မပျက်ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။