အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၈) ကျင်းပခြင်း

နေပြည်တော် ဖေဖော်ဝါရီ လ ၁၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၈) ကို ၁၆-၂-၂၀၁၈ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ကျင်းပခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၁၂)ရပ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းချက်ချမှတ်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင် များဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှု နှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး၊ လူမှုဖူလုံရေးအာမခံ အလုပ်သမားများ အတွက် လူမှုကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရေး စသည့် ရည်မှန်းချက် (၉) ရပ်ကို ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင် လာစေရန် မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီး ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေ နှင့်အညီ ၁၉၅၆ ခုနှစ် ကတည်းက စတင် အကောင်အထည်ဖော်ခဲ့ပြီးနောက် အာမခံအလုပ်သမား များအား ပိုမိုထိရောက်သော အကျိုးခံစားခွင့်များ ပေးနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို ၁-၄-၂၀၁၄ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ (၃)နှစ်ကျော် ကာလခန့်ရှိပြီ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတကာတွင် လူမှုအကာအကွယ်ပေးရေး (Social Protection) အစီအစဉ်များကို ပုံစံ(၂)မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမပုံစံအနေဖြင့် ထည့်ဝင်ကြေး ကောက်ခံပြီး ဆောင်ရွက်သည့် Social Insurance အစီအစဉ်ဖြစ်ပါကြောင်း၊ ဒုတိယ ပုံစံတစ်မျိုးမှာ ထည့်ဝင်ကြေးပေးသွင်းရခြင်းမရှိ သည့် Social Assistance နဲ့ Cash Transfer အစီအစဉ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များ ကို အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်ကစုပေါင်းအာမခံထားပြီး ဥပဒေနှင့်အညီ ဖြည့်ဆည်း ပေးခြင်းအားဖြင့် နိုင်ငံတော်၏အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါ ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၁) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ရရှိစေရန် မြို့နယ်ပေါင်း (၁၁၆) မြို့နယ် တွင် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ မြို့နယ်ရုံး (၇၇)ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၅)ခန်း၊ လူမှုဖူလုံရေး-ကဲလ်ဝဲဆေးခန်း (၃)ခန်း၊ တိုင်းရင်း ဆေးကုခန်း (၁)ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ်(၂)စီးတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာပေးနိုင်ရန်နှင့် အားလုံးယုံကြည် ကိုးစားရသည့် လူမှုဖူလုံရေးစီမံကိန်းကြီးဖြစ်ပေါ်စေရန် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာကဏ္ဍ၊ စီမံခန့်ခွဲမှုကဏ္ဍ၊ ဥဒေရေးရာကဏ္ဍ စသည့် ကဏ္ဍ (၄)ခုတွင် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုဖူလုံရေးစီမံကိန်းကို ခေတ်မီ ICT နည်းပညာများ အသုံးပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့်ပူးပေါင်း၍ Provider – Purchaser Split ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မိတ်ဖက်အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များ၏အကြံပြုချက်များ၊ နည်းပညာရပ်ဆိုင်ရာအကူအညီများနှင့် အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အပြည် ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့အစည်းများဖြစ်သည့် International Social Security Association – ISSA နှင့် Asean Social Security Association – ASSA တို့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ် (၂၈) ဦးဖြင့် ဖွဲ့စည်းပြီး အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ်ထိ စုစုပေါင်း (၅) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ယခုအစည်းအဝေးသည် (၆) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖြင့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်(၂၀)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာ ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည့် အစီအစဉ်ပါ အကြောင်းအရာများအပြင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်ကြီးများ၏ ကျွမ်းကျင် မှု၊ ရင့်ကျက်သည့် အတွေးအခေါ် အမြော်အမြင်၊ အတွေ့အကြုံကောင်းများကို အခြေခံပြီး ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်နှင့် ညှိနှိုင်းဆွေးနွေးပေးရန်၊ အကြံဉာဏ်ကောင်းများ မျှဝေ သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အပြည်ပြည်ဆိုင်ရာမှာကဲ့သို့ လူမှုဖူလုံရေးအဖွဲ့ လျှောက်လှမ်းရမည့်အနာဂတ်လမ်းခရီးတွင်လည်း အခက်အခဲ၊ စိန်ခေါ်မှုတွေများစွာတွေ့ကြုံရမှာ ဖြစ်သည့်အတွက် အဖွဲ့ဝင်ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် နိုင်ငံတော်၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံး၏ အကျိုးကို ရှေ့ရှုပြီး မိမိတို့အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် လူမှုဖူလုံရေးအဖွဲ့ဌာန တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ချက်အမှာစာများ အား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို (၁၄:၃၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၈)တွင် ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်အတည်ပြုခြင်း(၁၆) ချက် နှင့် ဆုံးဖြတ်ချက် (၆၆)ချက် တို့အား သဘောတူအတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၁/၂၀၁၈)သို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။