မြန်မာ – ထိုင်းနှစ်နိုင်ငံအလုပ်သမားရေးရာကျွမ်းကျင်သူများအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ မေလ ၁၄
မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ဦးဆောင်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သောကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကိုယ်စား လှယ်များ၊ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရှိသံမှူးကြီးနှင့်အလုပ်သမားသံအရာရှိအပါအဝင်ကိုယ်စားလှယ်အဖွဲ့ဝင်၁၃ဦးနှင့် ထိုင်းနိုင်ငံ၊အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူး ချုပ် Mrs. PetcharatSinauy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် ၁၈ဦး၊ စုစုပေါင်း ၃၁ဦး တက်ရောက်၍ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoU လုပ်ငန်းစဉ်၊ ၂၀၁၉ခုနှစ်၊နိုဝင်ဘာလ၁ရက်နေ့နှင့်၂၀၂၀ခုနှစ်၊မတ်လ၃၁ရက်နေ့ တို့တွင်အလုပ်လုပ် ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ မြန်မာအလုပ်သမားများအား ဥပဒေပါအခွင့်အရေး အပြည့်အဝရရှိရေးနှင့်လူမှုကာကွယ် စောင့်ရှောက်မှုပေးရေး၊ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်မြန်မာရေလုပ်သားများစေလွှတ်နိုင်ရေး၊MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်အတွက်ကုန်ကျစရိတ်သတ်မှတ်ခြင်း နှင့် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားလက်မှတ်ရေးထိုးထားသော အလုပ်သမားများ အလုပ် ခန့်ထားရေးဆိုင်ရာသဘောတူစာချုပ်ကိုသက်တမ်းတိုးနိုင်ရေးတို့ကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ၂၀၁၉ခုနှစ်၊မေလ၁၂ရက်နေ့တွင်ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ ၌ဖွင့်လှစ်ထားရှိသော သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏အလုပ်သမားများအချက် အလက် ကောက်ယူရေးစင်တာသို့သွားရောက်၍စခန်း၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များကိုတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင်ကြုံတွေ့ ရသည့် အခက်အခဲများကိုမေးမြန်းခဲ့ပြီးလိုအပ်သည်များကိုမှာကြားခဲ့သည်။