ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) ချင်းပြည်နယ်ရုံး ဖွင့်လှစ်ခြင်း

နေပြည်တော် ဒီဇင်ဘာလ ၇ ရက်
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန Myanmar Migration Resource Center – MRC) ချင်းပြည်နယ်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနားကို ၃-၁၂-၂၀၁၇ ရက်နေ့ ၁၃:၃၀ နာရီတွင် ဟားခါးမြို့ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ချင်းပြည်နယ်ရုံးတွင် ကျင်းပ ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ International Organization for Migration (IOM) မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Akio Nakayama နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် IOM မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Akio Nakayama တို့မှ အမှာစကားအသီးသီး ပြောကြားခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောရာတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါများရေး လုပ်ဆောင်နေသကဲ့သို့ ရွှေ့ပြောင်းလုပ်ကိုင်သူများ လည်းရှိကြောင်း၊ ယင်းတို့အနက် ပြည်ပသို့ သွားရောက်လုပ်ကိုင်သူများ ရှိကြောင်း၊ ဝန်ကြီးဌာနနှင့် ပူပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများရှိကြောင်း၊ မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် အထောက်အထားမဲ့ အလုပ် သမားအများစုသည် ချင်းပြည်နယ်မှ ဖြစ်ကြောင်း၊ မှန်ကန်တိကျသည့် သတင်းအချက် အလက် များ ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများသည် အထွေထွေ ကုန်ကျစရိတ်များပြားခြင်း၊ လူကုန်ကူးခံရခြင်း စသည့်အခက်အခဲများ ရှိပါကြောင်း၊ သွားရောက် သည့် နိုင်ငံအလိုက်ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် ထောက်ပံ့ကူညီမည်ကြောင်း၊ ချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်မှ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏လူဦးရေ ၁၀% ခန့်သည် နိုင်ငံ တကာသို့ သွားရောက်လုပ်ကိုင်လျှက်ရှိကြောင်း၊ တရားဝင်သွားရောက်ပါက ဥပဒေနှင့်အညီ စောင့်ရှောက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်စွာ ရရှိမှုအားနည်းခြင်း၊ ပွဲစားများ၏ လိမ်လည်လှည့်ဖျားမှုကိုခံရခြင်း၊ နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းတို့ကြောင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့် အရေးများ မရရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်ပနိုင်ငံများသို့ တရားဝင် သွားရောက်လုပ်ကိုင် ခြင်းဖြင့် အလုပ်သမားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ၊ ကာကွယ် စောင့်ရှောက်မှုများ၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေများနဲ့အညီ အကျိုးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် ၇၈ မြို့နယ်တွင် မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာ ဖွေရေးရုံးများ ဖွင့်လှစ်ထားပြီး ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ သတင်းအချက်အလက်များနဲ့ လိုအပ်သည့်အကူအညီများ ဖြန့်ဝေနိုင်ရန် ရွှေ့ပြောင်း သွားလာ လုပ်ကိုင်မှုများပြားသည့် ဒေသများရှိ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး ရုံးများတွင် MRC ရုံးများကို IOM/ ILO ၏ အကူအညီဖြင့် ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ IOM/ ILO တို့ရဲ့ အကူအညီဖြင့် ရန်ကုန်မြို့၊ ဘားအံမြို့၊ ပုသိမ်မြို့၊ စစ်တွေမြို့၊ မကွေးမြို့၊ မော်လမြိုင်မြို့၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့၊ မြင်းခြံမြို့၊ ထားဝယ်မြို့နယ်တို့ရှိ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် လည်းကောင်း၊ ကျိုင်းတုံမြို့တွင် မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၌ လည်းကောင်း MRC များကို ဖွင့်လှစ်ပေးခဲ့ပြီး ယခု ချင်းပြည်နယ်တွင် ထပ်မံ၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ MRC များတွင် တာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းများကလည်း ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်း အချက်အလက်များ လာရောက် စုံစမ်းရန်၊ အကူအညီ တောင်းခံရန် ရောက်ရှိလာသူများကို ကြိုဆို၍လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမား စာရင်းရရှိရန် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် Myanmar Migrant Worker’s Reporting Counter ကို ဖွင့်လှစ်ထားကြောင်း၊ အဓိကရည်ရွက်ချက်မှာ အသိပညာပေးခြင်းကို ဦးစားပေးမည်ဖြစ်ကြောင်း၊ မိသားစုနှင့် ချိတ်ဆက်ပေး၍ အခက်အခဲ ပြဿနာများကို ရှင်းလင်းပေးမည် ဖြစ်ကြောင်း၊ ၁၉၉၀ ခုနှစ်၊နောက်ပိုင်း စီးပွားရေး ပိတ်ဆို့ ခံရပြီး ရွှေ့ပြောင်းလုပ်သား ပိုမို များပြားလာကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၂၅၀ ခန့်ရှိကြောင်း၊ တရားမဝင် သွားလာမှုများရှိနေ၍ သံရုံးမှတစ်ဆင့် သိရှိနိုင်ရန် ဆောင်ရွက်နေ ကြောင်း၊ အခက်အခဲဖြစ်လျင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပေးထားကြောင်း၊ ချင်းပြည်နယ်မှ ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်သူများပြား၍ အေးချမ်းလုံခြုံစွာ သွားလာနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်လာသူများမှ အကြံဉာဏ်များ ပေးနိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ IOM မြန်မာအကြီးအကဲ Mr.Akio Nakayama မှ ချင်းပြည်နယ်တွင် ရွှေ့ပြောင်းသွားလာ သူများသည်ဟု ပြောနိုင်ကြောင်း၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသူ ၄.၂ သန်းခန့် ရှိကြောင်း၊ ရွှေ့ပြောင်းသွားလာသူများ အနက် ချင်းပြည်နယ်သည် ၆ ခုမြောက်ပါဝင်ကြောင်း၊ ချင်းပြည်နယ် တွင် ရွှေ့ပြောင်းသွားလာသူ ၁၁%ခန့် ရှိ၍ ဘေးရန်ကင်းရှင်းပြီး တကယ်အကျိုး ရှိသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေလိုကြောင်း၊ စစ်တမ်းအရ သတင်းအချက်အလက်မသိသူ များနေ၍ အားထားရပြီး တိကျသည့် သတင်းအချက်အလက် ပေးနိုင်သည့် ဌာနအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာမှုဖြစ်စဉ် အဆင့်ဆင့်တိုင်းအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ကူညီပေးစေ လိုကြောင်း၊ IOM မှ ပံ့ပိုးပေးရသည်ကို ဂုဏ်ယူပါကြောင်း ပြောကြားပါသည်။ ထို့နောက် လှူဒါန်းပစ္စည်းများအတွက် စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၁၅:၀၀ အချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။