ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Mr. Jaroslav Dolecek အား နေပြည်တော်၌တွေ့ဆုံ၊ နှစ်နိုင်ငံ အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ ဩဂုတ် ၈ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Mr. Jaroslav Dolecek အား ဩဂုတ်လ(၈)ရက်နေ့ ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာ-ချက်သမ္မတနိုင်ငံတို့အကြား ယခင်ကတည်းက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြုသဘောဆောင်သည့် ဆက်ဆံဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ချက်သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ အပေါ် အသိအမှတ်ပြုမှုနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများအား သိရှိနားလည်မှုအခြေအနေများ၊ မြန်မာနှင့် ဥရောပနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုရှိစေရေးအတွက် ချက်သမ္မတနိုင်ငံမှ ပေါင်းကူးတံတားသဖွယ် ကြိုးပမ်းဆောင်ရွက်ပေးမှုနှင့် အတွေ့အကြုံများ မျှဝေဖလှယ်ပေးမှု အခြေအနေများ၊ မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ပြည်တွင်းသို့ တရားမဝင်ဝင်ရောက်မှုများ ကြုံတွေ့ရသည့်အခြေအနေ၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနှင့် မလေးရှားအပါအဝင် အခြားနိုင်ငံများသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မှုနှင့် မြန်မာ- ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ ထိုင်းနိုင်ငံအရောက် မြန်မာအလုပ်သမားများ တရားဝင်အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် လည်း ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှုနှင့် တရားမဝင် ရွှေ့ပြောင်း သွားလာလုပ်ကိုင်မှုမရှိစေရေးအတွက် IOM နှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့ရေးဗဟိုဌာန (Migrant Resource Centre- MRC) (၁၄)ခု ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု နိုင်ငံတွင်း နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လုပ်သား များဖြစ်ပေါ်စေရေးအတွက် ကျွမ်းကျင်လုပ်သားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် တရား ဝင်လုပ်သားများအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဖြေလျော့ဆောင်ရွက်ပေးမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်ပြုမှုနှင့် ယင်းဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံသို့ ဥပရောပနိုင်ငံများအပါအဝင် နိုင်ငံအသီးသီးမှ ခရီးသွားများ ဝင်ရောက်သွားလာမှု တိုးတက်များပြားလာမှု၊ မြန်မာ-ချက် နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ချက်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀၀)အား e- Visa ဖြင့် ကမ္ဘာလှည့်ဗီဇာနှင့် နိုင်ငံပေါင်း (၅၅) နိုင်ငံအား e- Visa ဖြင့် လုပ်ငန်းဗီဇာခွင့်ပြု ဆောင်ရွက်ပေးမှုအခြေအနေ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival- VOA) ဖြင့် နိုင်ငံပေါင်း (၅၅) နိုင်ငံခွင့်ပြုဆောင်ရွက်ရာမှ လာမည့်အောက်တိုဘာ (၁)ရက်မှစ၍ အီတလီ၊ စပိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီ နှင့် ရုရှားစသည့် နိုင်ငံ (၆)နိုင်ငံအား VOA ဖြင့် ထပ်မံခွင့်ပြုသွားမည့် အစီအစဉ်၊ ချက်သမ္မတနိုင်ငံကိုလည်း ဆိုက်ရောက်ဗီဇာ (VOA) ခွင့်ပြုပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများတွင် အတွေ့အကြုံကောင်းများ မျှဝေပေးနိုင်ရေးနှင့် အနွေးထွေး ဆုံး ချစ်ကြည်ရင်းနှီးမှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများ၌ အတွေ့အကြုံမျှဝေပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်အား နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနားလည်နိုင်စေရေး အတွက် ရှင်းလင်းချပြပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)