ထိုင်းနိုင်ငံသို့ မြဝတီမှတဆင့် မြန်မာအလုပ်သမားများအားတရားမဝင်စေလွှတ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

နေပြည်တော် နိုဝင်ဘာလ ၁၀ ရက်
၁။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ချစ်ကြည်ရေးတံတားအမှတ် ၁ ၌ ၆-၁၁-၂၀၁၇ ရက်နေ့၊ ၁၅:၀၀နာရီတွင် ပွဲစားများမှ ထိုင်းနိုင်ငံသို့ အလုပ်သမားများတရားမဝင် စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)၊ မြဝတီမြို့မှ ဦးစီးအရာရှိ ဦးတင့်နိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ရဲနေဝင်းအောင်၊ တံတားတာဝန်ကျ ပူးပေါင်းအဖွဲ့ဝင်များ၊ MOEAF အဖွဲ့မှ ဦးမိုးကျော်၊ ဦးအောင်ကျော်မြင့်၊ ဦးကြည်လှိုင်တို့မှ သွားရောက်စစ်ဆေးခဲ့ရာ မြဝတီမြို့နေ ဒေါ်ထားထားအိ၊ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ပျဉ်ပုံကြီးကျေးရွာနေ ဒေါ်ဝါဝါဝင်းတို့မှ အလုပ်သမား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၃၄ ဦးအား ယာယီနယ်စပ် ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်ရန်စီစဉ်နေကြောင်း တွေ့ရှိရသဖြင့် အချိန်မီ တားဆီးနိုင်ခဲ့ပါသည်။
၂။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)၊ မြဝတီမြို့မှ မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်သည် အလုပ်သမား ၃၄ ဦးအား စုံစမ်းမေးမြန်းချက်အရ ရ-၁၁-၂၀၁၇ ရက်နေ့တွင် အလုပ်သမားများအား အဆောင်ချထားသော ဒေါ်ထားထားအိ၏ နေအိမ်တွင် အလုပ်သမား မောင်ပိုင်စိုးငြိမ်း ပါ ရ ဦး၊ ဒေါ်ထားထားအိမှ ငှားထားပေးသည့် အဆောင်တွင် မောင်အောင်ညွှန့်ဦး ပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၁ ဦး၊ ဒေါ်ထားထားအိ၏ မောင်ဖြစ်သူ ဦးဇော်ဇော်လွင်၏ နေအိမ်တွင် အလုပ်သမား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၂၅ ဦး၊ ဦးဇော်မျိုး၏ နေအိမ်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦး၊ စုစုပေါင်း ၆၂ ဦးတို့အား ထပ်မံစိစစ်တွေ့ရှိရသဖြင့် စုစုပေါင်း အလုပ်သမား ၉၆ ဦးတို့အား မြဝတီမြို့၊ ရွှေ့ပြောင်း အလုပ်သမားရုံးရှိ အိပ်ဆောင်အမှတ် ၃ တွင် နေရာချထားပေးခဲ့ပါသည်။
၃။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမားများထံမှ ကောက်ခံထားသော အခကြေးငွေများ ပြန်လည်ရရှိနိုင်ရေး၊ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် အလုပ်သမားများ နစ်နာမှုမရှိစေရေးတို့အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပြည်နယ်ရုံး)၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးဦးဆောင်သောအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားများအား တွေ့ဆုံ၍ ယခုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး အလုပ်သမားများ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခြင်း၊ ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
၄။ တရားမဝင်ပို့ဆောင်ရန် ဆောင်ရွက်ခဲ့သည့် ဒေါ်ဝါဝါဝင်းနှင့် ဒေါ်ထားထားအိတို့မှ အလုပ်သမားများအနက်မှ ငွေကြေးရယူထားသော အလုပ်သမား ၆၅ ဦးတို့အား လက်ခံရယူထားသော ငွေ ၄၈၂၉၀၀၀၀/- (ကျပ်လေးရာရှစ်ဆယ် နှစ်သိန်းကိုးသောင်းကျပ်တိတိ/-)အား ရ-၁၁-၂၀၁၇ ရက်နေ့တွင် စိစစ်ရေးအဖွဲ့ရှေ့မှောက်၌ ပေးအပ်ခဲ့ပါသည်။
၅။ ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား တရားမဝင် စေလွှတ်ရန် ဆောင်ရွက်ခဲ့သူ ဒေါ်ဝါဝါဝင်း နှင့် ဒေါ်ထားထားအိတို့နှစ်ဦးအား ဥပဒေအရ အရေးယူနိုင်ရန် မြဝတီမြို့ရှိ ရဲစခန်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြဝတီမြို့၏ မြို့နယ်မှူး ဦးစီးအရာရှိ ဦးတင့်နိုင်မှတရားလိုပြုလုပ်၍ မြဝတီမြို့ရဲစခန်း၌ အမှုအမှတ် (ပ) ၁၁၄၅/၁၇ ပြည်ပပုဒ်မ ၂၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပါသည်။