အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမှုဆောင် ကော်မတီဝင်များနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ၂၆-၆-၂၀၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီမှ ၁၂၂၀ နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရာတွင် ပြည်ပအလုပ်အကိုင် ဥပဒေ၊ နည်းဥပဒေ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ပြောင်းလဲနေသည့် အခြေအနေပေါ်မူတည်၍ လိုက်လျောညီထွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အေဂျင်စီများ၏ ယုံကြည်ကိုးစားမှုရရှိနိုင်ရေး စံနမူနာပြ လုပ်ဆောင်ရန် လိုကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှ မလိုလားအပ်သည့် ဖြစ်စဉ်များ လျော့ပါးသွားပြီး လုပ်သားပို့ဆောင်မှု လုပ်ငန်းစဉ်အောင်မြင်မည်ဖြစ်ကြောင်း၊ အေဂျင်စီများ၏အကောင်အထည် ဖော်ဆောင်ရွက်ချက်များ မှန်ကန်သေချာသည့်နှင့်အမျှ မလို အပ်သည့် ကြပ်မတ်မှုများကို ဖြေလျော့ပေးရန်ရှိကြောင်း၊ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်၍ စိတ်စေတနာကောင်းဖြင့် ဆောင်ရွက်ပြီး အလုပ်သမားများကို စောင့်ရှောက်ပေးရန် လိုကြောင်း မှာကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်က ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုနှင့် စပ်လျဉ်း၍ အေဂျင်စီများအနေဖြင့် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမား များအတွက် ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များရရှိရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိသားစုလွှဲပို့ငွေများ စနစ်တကျပြန်လည်ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးရန်လိုကြောင်း၊ ပွဲစားများက တရားမဝင်လူစုဆောင်းမှုများကို ဖော်ထုတ်အရေးယူရန်နှင့် တရားမဝင်လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှု လျော့နည်း စေရေး ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
အဖွဲ့ချုပ်ကိုယ်စားလှယ်များမှ ဆပ်လုပ်ငန်းကော်မတီအလိုက် ပြန်လည်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။