ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂနိုင်ငံရေးရာဌာနအကြီးအကဲ Under Secretary – General Mr. Jeffrey Feltman နှင့်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံ ရေးဆိုင်ရာ လုပ်ငန်းများဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာလ ၁၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂနိုင်ငံရေးရာဌာနအကြီးအကဲ Under Secretary – General Mr. Jeffrey Feltman ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms. Renata Dessallien နှင့်အဖွဲ့အား အောက်တိုဘာလ(၁၆) ရက်၊ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား(NV Card) ထုတ်ပေးဆောင်ရွက်မှု၊ NV ကတ် ကိုင်ဆောင်ခြင်းအတွက် ရရှိခံစားနိုင် မည့် အကျိုးကျေးဇူးများ၊ ကချင်၊ ကရင်နှင့် ရှမ်း စသည့်ပြည်နယ်များ၌လည်း NV ကတ် ထုတ်ပေး ၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိ နေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့်၊ အထောက် အထားပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသူများကိုလည်း မိမိတို့ဌာန၌ရှိပြီးဖြစ်သည့် စာရင်းဇယား မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စိစစ်လက်ခံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များပြန်လည် ရောက်ရှိလာသူများအား နေရာချထားရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ယင်းလုပ်ငန်းများ အောင်မြင် ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေး နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)