ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (ITAB) (၈)ကြိမ်မြောက် အစည်းအဝေးတက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ။
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ၏ နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (International Technical Advisory Board -ITAB) (၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နိုဝင်ဘာလ(၃၀)ရက် နံနက်(၉)နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson ၊ နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့ (ITAB) ဥက္ကဋ္ဌ Mr. Wermen Haug နှင့် နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ဝင်များ၊ အလှူရှင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ်အဆင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင်အလှူရှင်နိုင်ငံအသီးသီး၏ ပံ့ပိုးကူညီဆောင်ရွက်မှု၊ နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (ITAB)၏ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာဗဟုသုတ များနှင့် အတွေ့အကြုံများကို မျှဝေပေးမှု၊ လေ့လာဆန်းစစ် သုံးသပ်အကြံပြုမှုတို့ကြောင့် သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ထုတ်ပြန်ပြီးဖြစ်သည့် သန်းခေါင်စာရင်းအစီရင်ခံစာ စာအုပ်များနှင့် သန်းခေါင်စာရင်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခြင်းနှင့် စီမံချက်ရေးဆွဲခြင်းများ ဆောင်ရွက်ရာတွင် အခြေခံအသုံးပြု ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်/ ကောလိပ်များ၊ စာကြည့်တိုက်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အချက်အလက် အသုံးပြုသူများမှ လိုလိုလားလားတောင်းခံအသုံးပြုလျက် ရှိပါကြောင်းကို အသိပေးပြောကြား လိုပါကြောင်း၊ ထို့အပြင် သန်းခေါင်စာရင်းရလဒ်မြေပုံစာအုပ်ကို မြို့နယ်အားလုံးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဖြန့်ဝေပြီးဖြစ်ပါကြောင်းနှင့် သုတေသနစာတမ်း (၁၃) စောင်ကိုလည်း ပြည်သူ့အင်အားဦးစီးဌာန Website တွင် လွှင့်တင်ထားပါကြောင်း၊ ယင်းသန်းခေါင်စာရင်းအစီရင်ခံစာ စာအုပ်တွေကို ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် အသုံးပြုနိုင်ရန် မြို့နယ်အသီးသီး၌ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကျင်းပ၍ ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ များအား မြို့နယ်သန်းခေါင်စာရင်း အစီရင်ခံစာများကို ဖြန့်ဝေခဲ့ပါကြောင်း၊ ယခုအခါသန်းခေါင်စာရင်းလုပ်ငန်းစဉ်၏ နောက်ဆုံး ကာလဖြစ်သော်လည်း လုပ်ငန်းများမပြီးဆုံးသေးပါကြောင်း၊ ကျန်ရှိနေသည့် လုပ်ငန်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရန် (ITAB)အဖွဲ့နှင့်အတူ လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် နောက်ဆုံးလေ့လာဆန်းစစ် သုံးသပ် ချက်များအား အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson က မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၌ UNFPA မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေ များကိုလည်းကောင်း၊ အလှူရှင်နိုင်ငံများကိုယ်စား အလှူရှင်ကိုယ်စားလှယ် Dr. Ben Powis က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက် ပံ့ပို့ကူညီခဲ့မှုအခြေအနေ များကိုလည်းကောင်း၊ နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (ITAB) ဥက္ကဋ္ဌ Mr. Wermen Haug က သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ ကောက်ယူထုတ်ပြန်နိုင်ရေးအတွက် အကြံပေးအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ဝင်များအား ဟိုတယ်ဧည့်ခန်းမ၌ သီးခြားတွေ့ဆုံ၍ နည်းပညာအကြံပေးအဖွဲ့၏ လေ့လာဆန်းစစ်သုံးသပ်ချက် များအပေါ် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးပြီး အဖွဲ့ဝင်တစ်ဦးချင်းအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ပြီးနောက် အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း
ကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းသည့် စီမံချက်အဆင့်(၄)ဆင့်ဖြင့် ၂၀၁၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လုပ်ငန်းစီမံချက်ပြီးဆုံးမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များကိုအခြေခံ၍ ပြည်ထောင်စုအဆင့်အစီရင်ခံစာ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစီရင်ခံစာများနှင့် အသေးစိတ်ဆန်းစစ်လေ့လာသည့် အစီရင်ခံစာ
(၁၃)စောင်ကို ပြုစုထကုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မြို့နယ်အဆင့်အစီရင်ခံစာများကို ပြုစုပြီးဖြစ်၍ မြို့နယ်အဆင့်သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေးခြင်းလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေး၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကောက်ယူနိုင်ရေးနှင့် အချက်အလက်များ အရည်အသွေး အာမခံနိုင်ရေးတို့အတွက် နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့ (ITAB)ကို ၂၀၁၃ ခုနှစ်မှစတင် ဖွဲ့စည်းဆောင်ရွက်၍ အစည်းအဝေးများကျင်းပကာ လေ့လာဆန်းစစ်သုံးသပ်ချက်များ ထုတ်ပြန် ဆောင်ရွက်ခဲ့ရာ ယခုအခါ သန်းခေါင်စာရင်းပင်မအစီရင်ခံစာများ ထုတ်ပြန်ပြီးချိန်မှစ၍ လုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား လေ့လာဆန်းစစ်၍ နောက်ဆုံးသုံးသပ်ချက် ထုတ်ပြန်တင်ပြနိုင်ရန် ITAB ၏ (၈)ကြိမ်မြောက် နောက်ဆုံးအကြိမ်အစည်းအဝေးကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးကို ယနေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (-)