ရွှေ့ပြောင်းသွားလာခြင်းတွင် ပါဝင်ဆောင်ရွက်နေသူများဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO တို့မှ သြစတေးလျနိုင်ငံရှိ Department of Foreign Affairs and Trade (DFAT) and Global Affairs Canada (GAC) ၊ Developing International Internal Migration Governance (DIILM) နှင့် Livelihood and Food Security Trust Fund(LIFT)တို့၏ အကူအညီဖြင့် ရွှေ့ပြောင်းသွားလာခြင်းတွင် ပါဝင်ဆောင်ရွက်နေသူများဆိုင်ရာ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား သို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ILO-Yangon မှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူစုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့်ဆွေးနွေးပွဲသည် ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ်သုံးသပ်အကဲဖြတ်နိုင်ရန်၊ ပါဝင်ဆောင်ရွက်နေသူများ၏ အကြံပြုချက်များဖြင့် ၂၀၁၈ ခုနှစ်၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာလုပ်ငန်း စီမံချက်များအတွက် ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာများ ကောင်းမွန်စေရေး မွမ်းမံရန် ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းပြီး အတည်ပြုချက်ရယူနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသောစီးပွားရေးလုပ်ငန်း များကိုကာလတိုအတွင်းပိုမိုဦးစားပေးဆောင်ရွက်ရန် နိုင်ငံတော်၏စီးပွားရေးမူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပြည်တွင်း/ ပြည်ပတို့၌ သင်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းဝေးသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေးတို့ကိုအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံလူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄၉ သန်း ရှိသည့်အနက် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်သူဦးရေ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး လူဦးရေအားဖြင့် ၅ သန်းကျော်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်စာရင်းများအရ အာဆီယံနိုင်ငံများသည် အလုပ်သမားများကို ကမ္ဘာတစ်ဝှမ်းစေလွှတ်နေသကဲ့သို့ အာဆီယံနိုင်ငံ အချင်းချင်းလည်း အပြန်အလှန်စေလွှတ်လျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသောအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို ဘဏ်များမှတဆင့် မှန်ကန်စွာလွှဲပို့နိုင်ရေး မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဂျပန်နိုင်ငံသို့ နည်းပညာအလုပ်သင် သင်တန်းသားအလုပ်သမား စေလွှတ်နိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် မြန်မာနိုင်ငံ၏လုပ်သားများရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာအမျိုးသားအဆင့် ဒုတိယငါးနှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UN ၊ INGO ၊ NGO တို့မှ ကိုယ်စားလှယ်များဖြင့် ပိုမိုကောင်းမွန်ထိရောက်သော စီမံချက်ဖြစ်စေရန် ရေးဆွဲလျက်ရှိကြောင်း ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။