ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ငန်းကော်မတီမှ ပဏာမ စိစစ်ပြီးသူများ၏ အချက်အလက်များအား စိစစ်အတည်ပြုပေးနိုင်ရေး ဆွေးနွေးပြောကြား

နေပြည်တော်၊ ဩဂုတ်  ၉ ။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၉)ရက် ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ရာအခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ အကောင် အထည်ဖော်ရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစီအစဉ်အရ ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အခါကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ ၌လည်း လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား (၅၆၈)ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြု ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်းနှင့် ဗဟို ကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့အကဲဖြတ်စစ်ဆေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းအမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီအတွင်းရေးမှူးကိုယ်စား လုပ်ငန်းတာဝန်ခံအရာရှိက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် လုပ်ငန်းဆောင်ရွက်မှု၊ အမှတ်ပေးစနစ်နှင့် လက်ရှိလျှောက်ထားမှု၊ နေထိုင်ခွင့်လက်မှတ် နှစ်စဉ် သက်တမ်းအတည်ပြုဆောင်ရွက်မှု၊ ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးပါက လူတွေ့အစစ်ဆေး ခံနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ခွင့်ပြုထားပြီးဖြစ်သည့် မြန်မာနိုင်ငံသား ဟောင်း (၃)ဦးမှ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားလာမှုအပေါ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် ဗဟိုကော်မတီဝင်များက ဆွေးနွေးသုံးသပ်အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းကော်မတီမှ အတည်ပြုတင်ပြသည့်လျှောက်ထားသူတစ်ဦးချင်းအား သုံးသပ်ချက်များဖြင့်  အသီးသီးဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်မှ စတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုးခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံ ဆောင်ရွက်ခဲ့သည်။ စတင်ဆောင်ရွက်ချိန်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၈)ရက်အထိ လျှောက်ထားသူ စုစုပေါင်း(၆၁၁)ဦးရှိပြီး (၅၆၈)ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအစည်းအဝေးတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ခွင့်ပြုထားသူ မြန်မာနိုင်ငံသား ဟောင်း(၃)ဦးအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားမှုအပေါ် လုပ်ထုံး လုပ်နည်းနှင့်အညီ အတည်ပြုခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ထပ်မံလျှောက်ထားသူ များအနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသည့် ရင်းနှီးမြှပ်နှံသူနိုင်ငံခြားသား(၁)ဦး၊ မြန်မာ နိုင်ငံသားဟောင်း(၁၁)ဦး၊ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား(၅)ဦး၊ စုစုပေါင်း(၁၇)ဦးအား ဗဟိုကော်မတီမှ စိစစ်အတည်ပြုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။