ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ၁၀၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇွန်လ ၉ရက်
၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပမည့် ၁၀၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ တက် ရောက်ရန် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဂျီနီဗာမြို့သို့ ဇွန်လ ၃ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
၂။ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၄ရက်နေ့တွင် ကုလသမဂ္ဂအဆောက်အအုံတွင်ကျင်းပသည့် ညီလာခံစုံညီအစည်းအဝေးသို့ တက်ရောက် ခဲ့ပြီး ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံအလုပ်သမားဝန်ကြီးများ၏ အလွတ် သဘောတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
၃။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံစုံညီအစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ကမ္ဘာတဝှမ်းရှိ အလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရန် ရာစုနှစ်တစ်ခုကြာ ဆောင်ရွက်ခဲ့မှုများနှင့် ကုလသမဂ္ဂ၏ Sustainable Development Goals များ အောင်မြင်စေရန် ဆောင်ရွက်နေမှုများကို ကျေနပ်ဝမ်း မြောက်မိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တင်သွင်းခဲ့သည့် The Women at Work Initiative: the Push for Equality အမည်ရှိ အစီရင်ခံစာမှာ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်အပြင် ရှေ့ဆက် ဆောင်ရွက်ရန် အချက်များကို မီးမောင်းထိုးပြခဲ့သည့်အတွက် ကျား/မတန်းတူ ညီမျှရေးအားနိုင်ငံ၏ ရည်မှန်းချက်အဖြစ်ထားရှိပြီး လက်ရှိဆောင်ရွက်နေမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်ကို လက်ခံကျင့်သုံးသည့်နိုင်ငံ ဖြစ်၍ ပြဌာန်းချက်ပါ အချက်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်နေကြောင်း၊ မိမိနိုင်ငံဥပဒေများတွင် ကျား/မရှုထောင့်ကို ထည့်သွင်းစဉ်းစား၍ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ILO အပါအဝင် လူမှုရေးမိတ်ဖက်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ နည်းပညာ၏ အကူအညီဖြင့်ဆောင်ရွက်နေကြောင်း၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် သုံးပွင့်ဆိုင် အမျိုးသားအဆင့််ဆွေးနွေး ပွဲများ(၁၀) ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်ဆိုင်ရာ မြန်မာနိုင်ငံ အစီအစဉ်(၂၀၁၈-၂၀၂၁)နှင့် အလုပ်သမားကဏ္ဍအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ် နိုင်ခဲ့ကြောင်း၊ ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
၄။ ဆက်လက်၍ အိုင်အယ်လ်အို ရုံးချုပ်၌ ၅.၆.၂၀၁၈ ရက်နေ့၊ ၂၀၀၀ နာရီမှ၂၂၀၀နာရီ အထိကျင်းပသည့် Committee on the Application of Standards အစည်းအဝေးတွင် Freedom of Association and Protection of the Right to Organize Convention, 1948 (No. 87) လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ ကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့ က ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
၅။ ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ၆ရက်နေ့နံနက်ပိုင်းတွင် Action Collaboration Transformation (ACT) မှ Executive Director Dr. Frank Hoffer ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံပြီး အထည်ချုပ်လုပ်ငန်းကဏ္ဍတိုးတက်စေရန် နိုင်ငံတကာ ကုန် အမှတ်တံဆိပ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အလုပ်သမားများ၏ စွမ်းဆောင်ရည်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး ညှိနှိုင်းဆောင်ရွက်ပေးရန် အပါအဝင် ACT အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတို့ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
၆။ ဆက်လက်၍ နေ့လည်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ State Secretary နှင့် Chief of the Labour Division ဖြစ်သူ Mr. Boris Zurcher ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို ၄ နှစ်တာကာလထိ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဆောင်ရွက်မည့် ဦးစားပေးနယ်ပယ်များ သတ်မှတ်ရေး၊ အလုပ်အကိုင်နေရာချထားရေး၊ အလုပ်သမားရေးရာ ကိန်းဂဏန်းများကောက်ယူရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစသည့် နယ်ပယ်များတွင် အကူအညီပေးရေး၊ အလုပ်သမားစျေးကွက်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များအား မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွစ်ဇာလန်နိုင်ငံမှ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စတို့အား ဆွေးနွေးခဲ့သည်။
၇။ ဆက်လက်၍ အမေရိကန်နိုင်ငံမှ Associate Deputy Undersecretary, Mr Mark Mittelhauser ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၃ ကြိမ်မြောက် Stakeholder Forum နောက်ပိုင်း အလုပ်သမား ရေးရာဖြစ်ပေါ်တိုးတက်မှုများ၊ အလုပ်သမားဥပဒေများ ပြင်ဆင်ရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေးချက်များနှင့် နိုင်ငံတကာစံများနှင့် ကိုက်ညီစေရေး ဆွေးနွေးခဲ့သည်။
၈။ ၁၀၇ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိများ၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ယင်း၏အကြံပေး ပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်းသတင်းရရှိသည်။