လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၆ ရက်
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၆-၁၂-၂၀၁၇ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပါသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းနှင့်သက်ဆိုင်သော ဦးစီးဌာနအသီးသီးမှတာဝန်ရှိသူများ၊ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်ပုံမှန်ပြုစု ထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် လေ့လာသူများ စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်အမျိုးသားစာရင်းအင်းစနစ်ဖွံ့ဖြိုးမှု မဟာဗျူဟာချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသောလုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့အနက်၊လုပ်ငန်းအဖွဲ့ ၄ ဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်ပါဝင် ဆောင်ရွက် လျက်ရှိပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတွင် လိုအပ်လျက်ရှိသောကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ဖို့ ၁၉၅၀ ပြည့်နှစ်၊ အလုပ်အကိုင်နှင့် လေ့ကျင့်သင်ကြားရေးဥပဒေအရ မြန်မာနိုင်ငံလုပ်သားထုကျွမ်းကျင်ဖွံ့ဖြိုးမှု အတွက်အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ဖို့ ကျွမ်းကျင်မှု‌လေ့ကျင့်ရေး သင်တန်းကျောင်း ၅ ကျောင်း ဖွင့်လှစ်ထားရှိပြီး အလုပ်အကိုင်အလိုက် သင်တန်းများပို့ချပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေဖို့ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများဖွင့်လှစ်ပို့ချပေးလျက်ရှိသလိုအသက်မွေးဝမ်းကျောင်းပညာရေးကို တွန်းအား ပေးဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရေး မြန်မာနိုင်ငံလုပ်သားများ “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီးသက်ဆိုင်ရာ အလုပ်အကိုင်အလိုက်ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဋ္ဌာန်းရေးနှင့် လေ့ကျင့် ရေးကော်မတီ ၁၅ ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများမှ ကျွမ်းကျင်သူများ နှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများဖော်ထုတ်အသုံးပြုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အထောက်အကူပြုတဲ့လုပ်ငန်း တစ်ရပ်အဖြစ်မိမိတို့ဝန်ကြီးဌာနမှ အလေးထားစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်နှင့်တစ်ပြေးညီလေ့လာ သုံးသပ်ရာမှာ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ၏ အရေးပါမှုကိုမူဝါဒချမှတ်သူများ၊စီမံကိန်းရေးဆွဲသူများနှင့် စီမံခန့်ခွဲကြီးကြပ်သူများက ပိုမိုအလေးထားပြီး နားလည်သဘောပေါက်စေဖို့ဖြစ်ပါကြောင်း။
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာန အားလုံး တစ်ပြေးညီ ရည်ညွှန်းကိုးကား အသုံးပြုရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများစာအုပ် ၂၀၁၇ ခုနှစ်တွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ်အထိ စာရင်းအင်း အချက်အလက်များပါဝင်ပြီး နိုင်ငံ၏လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ စိုက်ပျိုးရေး အစရှိတဲ့ အညွှန်းကိန်းပေါင်း ၆၂ ခုဖြင့် စုံလင်စွာတင်ပြထားတဲ့ နိုင်ငံကိုယ်စားပြု လက်စွဲစာအုပ်ငယ် ဖြစ်ပါတယ်။ နိုင်ငံတွင်းသာမက ဒေသတွင်းပါ အသုံးဝင်တဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ဖြစ်မြောက်ရေး အတွက် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ အတွေ့အကြုံ ကျွမ်းကျင်မှုများ အပေါ် မှီတည်ပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များကလူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ရေရည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်ရရှိနိုင်မည့် အညွှန်းကိန်းများ ရရှိရေး၊ ပုဂ္ဂလိကကဏ္ဍမှ အညွှန်းကိန်းများရရှိစေရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲ စာအုပ်ပိုမိုတိုးတက်ရေးတို့အတွက် အဖွဲ့လိုက်ဆွေးနွေးသုံးသပ်အကြံပြုတင်ပြကြပြီး အဖွဲ့လိုက် တင်ပြချက်များအပေါ်ပြန်လည်သုံးသပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ကြပြီးအလုပ်ရုံဆွေးနွေးပွဲကိုညနေပိုင်းတွင်ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။