အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမြင့်သိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအလုပ်သမားများ ၏လူမှုဖူလုံရေးအဖွဲ့သို့ရန်ပုံငွေထည့်ဝင်ပြီး လူမှုဖူလုံရေးခံစားခွင့်နှင့်ပတ်သက်၍ မေးမြန်းချက်အား ပြန်လည် ရှင်းလင်း ဖြေကြားခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-


ကျွန်တော်ကတော့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်သိန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်ရုံများ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ စူပါမားကတ်များအတွင်းရှိ အလုပ်သမားများသည် လူမှုဖူလုံရေးအဖွဲ့ သို့ ရန်ပုံငွေထည့်ဝင်ပြီး လူမှုဖူလုံရေးခံစားခွင့်များရရှိခြင်း၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဈေးရုံကြီးများမှထောင်ဂဏန်းရှိ အလုပ်သမားများအား လူမှုဖူလုံရေး အဖွဲ့ဝင်ရန်ဆောင်ရွက်ပေးခြင်း၊ ပန်းဘဲတန်းမြို့နယ်နှင့် လသာမြို့နယ် တို့အတွက် လူမှုဖူလုံရေးဆေးခန်းကို သက်ဆိုင်ရာမြို့နယ်အတွင်း ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်ရှင်အတိအကျမရှိသော ပျံကျအလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိစေခြင်းတို့ကို သက်ဆိုင်ရာဌာနမှ နည်းလမ်း ရှာဖွေဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ပြန်လည် ဆွေးနွေးတင်ပြ လိုပါတယ်။

    ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားအနည်းဆုံး (၅) ဦးနှင့် အထက် လုပ်ကိုင်နေသော လုပ်ငန်းဌာနများဖြစ်သည့် စက်မှုလက်မှုအလုပ်ဌာနများ၊ ဆိုင်များ၊ ကုန်သွယ် အလုပ်ဌာနများ၊ အများပျော်ရွှင်ရေးအလုပ်ဌာနများ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊သတ္တုတွင်းလုပ်ငန်းများ၊ ရေနံမြေ များရှိအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုဖူလုံရေး ငွေကြေးအကျိုးခံစားခွင့်များ ခံစားရရှိနိုင်ရေးအတွက် လူမှုဖူလုံရေး အဖွဲ့သို့သက်ဆိုင်ရာအလုပ်ရှင်များက လာရောက်မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ ထိုကဲ့သို့ လာရောက်မှတ်ပုံတင် သောအလုပ်ဌာနများရှိ အလုပ်သမားအားလုံးသည် အဆိုပါအကျိုးခံစားခွင့်များရရှိလျက်ရှိကြပါတယ်။မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် လူမှုဖူလုံရေးနှင့် အကျုံးဝင် မှတ်ပုံတင်ထားသောအလုပ်သမား(၆)သိန်းခန့်ရှိသည့်အနက်(၃.၅)သိန်းခန့်သည် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိဆိုင်များ၊စက်ရုံများ၊အလုပ်ဌာနများ၊ကုမ္ပဏီများ၊ စူပါမားကတ်များ၊ ဈေးကြီးများအတွင်းရှိ အလုပ်သမားများဖြစ်ကြပါတယ်။ ထိုအလုပ်ဌာနများသည် လူမှုဖူလုံရေးအဖွဲ့သို့ လာ ရောက်မှတ်ပုံတင်ထားပြီးလူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားသည့်အတွက် ထိုဌာနများရှိအလုပ်သမားများ သည် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိခံစားနေကြရပါတယ်။
    ပန်းဘဲတန်းမြို့နယ်တွင်ရှိသော ဈေးကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗိုလ်ချုပ်ဈေးသစ်၊ သိမ်ကြီးဈေး အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံများရှိအလုပ်သမားဦးရေ (၅)ဦးနှင့် အထက် အလုပ်လုပ်ကိုင်နေသည့် အလုပ်ဌာန (၂၉)ဌာနအား အကျုံးဝင်မှတ်ပုံတင်ထားပြီး ၄င်းဌာနများမှ အလုပ်သမား(၄၀၄)ဦးအား အာမခံ ထား ပြီးဖြစ်ပါတယ်။ အကယ်၍အလုပ်သမား(၅)ဦးနှင့်အထက်အလုပ်လုပ်ကိုင်သောအလုပ်ဌာနများဖြစ်ပါက၄င်းဌာနမှ အလုပ်ရှင်များသည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ်(၃၂၇/၃၆၇)ရှိ လူမှုဖူလုံရေးအဖွဲ့၊ ရုံးခွဲ(၄)သို့အလုပ်ရှင်များမှ ဥပဒေများနှင့်အညီ လာရောက်မှတ်ပုံတင်ရန်လိုအပ်ပါတယ်။ ထို့ပြင်အကျုံးဝင် မှတ်ပုံ တင်ရမည့် အလုပ်ဌာနများအား အကျုံးဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ကျန်ရှိနေခြင်း မရှိစေရန် ရုံးခွဲရှိ စစ်ဆေးရေးမှူး များကပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့်အလုပ်ရှင်များကအကျုံးဝင် မှတ်ပုံတင်ထားရှိမှသာလျှင် ထိုဌာနများရှိ အလုပ်သမားများအတွက် အကျိုးခံစားခွင့်များကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ပန်းဘဲတန်းမြို့နယ်နှင့် လသာမြို့နယ်များရှိ အလုပ်ဌာနများမှ အလုပ်သမားများအား ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ်(၃၂၇/၃၆၇)ရှိ လူမှုဖူလုံရေးရုံးခွဲ(၄)တွင် အာမခံထားရှိ၍ ထည့်ဝင်ကြေး ပေးသွင်းထားသော်လည်း ၄င်းအလုပ်သမားများ နေထိုင်ရာလိပ်စာ အပေါ် မူတည်၍ ရန်ကုန်မြို့ရှိ အနီးစပ်ဆုံး လူမှုဖူလုံရေးဆေးခန်းများတွင် ဆေးကုသမှုခံယူခွင့်ရှိပြီး၊ အကျိုးခံစားခွင့်ကို မိမိတို့ ထည့်ဝင်ကြေး ပေးသွင်းထား သည့် လူမှုဖူလုံရေးရုံးခွဲ(၄)တွင် အကျိုးခံစားခွင့် ထုတ်ယူရမည်ဖြစ်ပါတယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မည်သည့်လူမှုဖူလုံရေးရုံးတွင်မဆို အကျုံးဝင်မှတ်ပုံတင်ထားပြီး ပန်းဘဲတန်းမြို့နယ်နှင့် လသာမြို့နယ် များတွင် နေထိုင်သော အာမခံအလုပ်သမားများအတွက် လက်ရှိအခြေအနေတွင် အလုံ၊ သခင်မြပန်းခြံ အနီးရှိ လူမှုဖူလုံရေးဆေးခန်းတွင် ဆေးကုသခွင့်ရှိပြီး၊ အကျိုးခံစားခွင့်များကို ထည့်ဝင်ကြေး ပေးသွင်းထားသည့် သက်ဆိုင်ရာ ရုံးခွဲများမှ စိစစ် ထုတ်ပေးလျက်ရှိပါတယ်။
    မကြာမီ ပြည်ထောင်စုလွှတ်တော်တွင် လက်ခံစဉ်းစားနေသည့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို စတင်အကောင်အထည်ဖော်ပြီးနောက် အာမခံအလုပ်သမားဦးရေများပြားလာပါက မြို့နယ်များအလိုက် လူမှုဖူလုံ ရေးဆေးခန်းများထားရှိခြင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဖြင့် စာချုပ်ချုပ်ဆိုခြင်းများပြုလုပ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါတယ်။

    အလုပ်ရှင် အတိအကျမရှိသော ပျံကျအလုပ်သမားများသည် လက်ရှိ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အရ လူမှုဖူလုံရေးစီမံကိန်းနှင့် အကျုံးမဝင်သေးသော်လည်း၊ မကြာမီပြဋ္ဌဌာန်း မည့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်ပါရှိပါတယ်။ ယင်းပြဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသော အလုပ် သမားအမျိုးအစားတွင် ပါဝင်သည့် အလုပ်ရှင် အတိအကျမရှိသော ပျံကျ အလုပ်သမားများသည် အလုပ်ရှင်မရှိ သော်လည်း မိမိတို့၏ဆန္ဒအလျောက် မှတ်ပုံတင်နိုင်ပြီး အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကို မိမိကိုယ် တိုင်ပေးသွင်း၍ အာမခံထားရှိလျှင်လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များကို ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်ခင်ဗျား။

Leave a Reply