အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ်လ ၅ ရက်
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ မတ်လ ၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ ကျင်းပခဲ့ရာ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ကော်မတီဝင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများမှ သက်ဆိုင်ရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ၊ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်ရှင်၊ အလုပ်သမားများ၏ ရေရှည်အကျိုး အတွက် အနည်းဆုံးအခကြေးငွေတစ်ရပ်ကို ဥပဒေနှင့်အညီ အမြန်ဆုံးပေါ်ထွန်းလာရေးအမျိုးသား ကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်း အဝေးတွင် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ် ၅ ရပ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းစဉ် (၁) ဖြစ်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၁၆-၂-၂၀၁၇ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး အမျိုးသားကော်မတီက ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ကော်မတီများကို ၂၀-၆-၂၀၁၇ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ် (၂) ပါ အမျိုးသားကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၄) ကြိမ် ကျင်းပခဲ့ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ အလုပ်ရှင်၊ အလုပ် သမားများနှင့် တွေ့ဆုံပွဲများပြုလုပ်ကာ လူမှုအဖွဲ့အစည်းများပါဝင်သည့်ဖိုရမ်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများမှ နယ်မြေဒေသအလိုက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ၂၈ ကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် (၃)အရ အလုပ်သမားများ၏ နေထိုင်စားသောက်မှု စရိတ် စစ်တမ်းကောက်ယူမှုကို အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူဦးရေများပြားသည့် စက်ရုံများ ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ပိုင်တစ်နိုင်စစ်တမ်းကောက်ယူခဲ့မှုကြောင့် အမျိုးသား ကော်မတီအနေဖြင့် လုပ်ငန်း စဉ် (၄) အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ ပြင်ဆင်သတ်မှတ်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေကို တစ်နာရီလျှင် ကျပ် ၆၀၀/-နှုန်းဖြင့် တစ်ရက် အလုပ်ချိန် (၈) နာရီ အတွက် ၄,၈၀၀/- ကျပ်အား အလုပ်သမား ၁၀ ဦး အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းနှင့် သက်ဆိုင်မှုမရှိကြောင်းကို ၂-၁-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၈ ဖြင့် အဆိုပြုအနည်းဆုံးအခကြေးငွေ ထုတ်ပြန်ကြေညာနိုင်ခဲ့ကြောင်း၊ အဆိုပြု နှုန်းထား ထုတ်ပြန်ခဲ့ခြင်းအပေါ် အကြံပြုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထောက်ခံခြင်းနှင့် သဘောထားမှတ်ချက်ပေးပို့ခြင်း များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခု အနက် ကန့်ကွက်ချက်များအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတို့မှ ကန့်ကွက်လွှာ ၄၀၉၂ ခုရရှိပြီး ထောက်ခံတင်ပြလွှာ ၁၁ ခုကို လက်ခံရရှိခဲ့ကြောင်း၊ ကျန်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်စသည့် ပြည်နယ် ၅ ခုမှ ကန့်ကွက်ချက်၊ ပြင်ဆင်ချက်နှင့် အကြံပြုချက်များ တင်ပြလာမှုမရှိကြောင်း၊ ကန့်ကွက်ချက် တင်ပြလာသည့် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖွဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း၊ စုံစမ်းမေးမြန်း ခြင်းများ၊ ရှင်းလင်းဆွေးနွေးခြင်းနှင့် စိစစ်ခြင်းများပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တွင် ၈ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂ ကြိမ်စီ၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ကြိမ်စီ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်သည် အဆိုပြုအနည်းဆုံးအခကြေးငွေအပေါ် ကန့်ကွက်လိုလျှင် ကန့်ကွက်နိုင်ရေး အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက် ရက်ပေါင်း ၆၀ ပြည့်ပြီးဖြစ်၍ ဥပဒေအရ အဆိုပြုနှုန်းထားကို သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် လေ့လာစိစစ်ပြီး အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ရပ် သတ်မှတ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အမျိုးသားကော်မတီ အနေဖြင့် ယခုကဲ့သို့ ပဉ္စမအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ အမျိုးသား ကော်မတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးအဆင့် ဖြစ်သည့့်် အတည်ပြု အနည်းဆုံးအခကြေးငွေထုတ်ပြန်နိုင်ရန် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသား ကော်မတီဝင်များ၏ ဆန္ဒသဘောထားနှင့်အညီ မြန်မာနိုင်ငံ၏လက်ရှိပကတိ အခြေအနေနှင့် ကိုက်ညီပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်အတွက်မျှတသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို အောင်မြင်စွာအတည်ပြုသတ်မှတ်နိုင်ရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ အနည်းဆုံးအခကြေး ငွေပြင်ဆင်သတ်မှတ်နိုင်ရေး ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကျင်းပခဲ့သောအစည်းအဝေး မှ ၁၀ ဦးနှင့်အထက်ရှိသော လုပ်ငန်းများအတွက် တစ်နာရီလုပ်ခလစာ ၆၀၀ ကျပ်နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်ခလစာ ၄၈၀၀ ကျပ်နှုန်း သတ်မှတ်ခဲ့ကြောင်းနှင့် သတ်မှတ်ခဲ့သော အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် နှုန်းထားကို အစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။