အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား ရာတွင် လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအား ကွန်ပျူတာ ပညာရပ်ကို တတ်ကျွမ်းနားလည်စေရန်နှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များအား အခက်အခဲ မရှိစေဘဲ ကွန်ပျူတာနည်းပညာဖြင့် အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းကို ဖွင့်လှစ် ရခြင်းဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေနှင့်အညီ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ဧပြီလ(၁) ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည်ကို သင်တန်းသားများအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုမီက အကျုံးဝင်အာမခံအလုပ်သမား (၇) သိန်း ကျော်သာရှိရာမှ ယခုအခါ အာမခံအလုပ်သမားများ (၁၁) သိန်းကျော်ထိ တိုးတက်များပြားလာ ပါကြောင်း၊ တိုးတက်များပြားလာသည့် အကျုံးဝင် အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာပေးနိုင်ရန်နှင့် အားလုံးယုံကြည် ကိုးစားရသည့် လူမှုဖူလုံရေးစီမံကိန်းကြီးဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး လူမှုဖူလုံရေးစီမံကိန်းကို အပြည်ပြည်ဆိုင် ရာစံနှုန်းများနှင့်အညီဖြစ်စေရန် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သတင်း အချက်အလက်နည်းပညာကဏ္ဍ၊ စီမံခန့်ခွဲမှုကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍစသည့် ကဏ္ဍ(၄) ခု တွင် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထည့်ဝင်ကြေး ပေးသွင်းခြင်းကိစ္စများ၊ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းများ၊ ဆေးကုသပေးခြင်း ကိစ္စများအား လွယ်ကူလျှင်မြန် မှန်ကန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် IT စနစ်ဖြင့် မလွှဲ မသွေလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် လူမှုဖူလုံရေးအဖွဲ့၏ သတင်း အချက်အလက်စနစ် (SSB Information System) ကို မကြာမီ အကောင်အထည်ဖော် ရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်စနစ် (SSB Information System)သစ်ကို တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ILO နှင့် ပူးပေါင်း၍ TOR ရေးဆွဲပြီးဖြစ်ပါကြောင်း၊ စနစ်သစ်မစတင်မီ လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားများ၏ ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်များအား Data Cleaning ပြုလုပ်ခြင်းနှင့် အာမခံအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များအား ဖြည့်သွင်းခြင်း Data Entry ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တင်ဒါခေါ်ယူပြီး ဖြစ်ပါ ကြောင်း၊ စနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများပါဝင်သည့် IT Team များဖြင့် ဖွဲ့စည်းထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ် အသုံးပြုနိုင်သည့် Human Resource သည် အရေးကြီးဆုံးဖြစ်သောကြောင့် ဝန်ထမ်းများအားသင်တန်းများ ကြိုတင်ဖွင့်လှစ်သင်ကြားပို့ချ ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းတွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးမှုများ လျော့နည်းစေရေးအတွက် Computer Maintainance ဘာသာရပ်ကို ထည့်သွင်း သင်ကြားပို့ချပေးရန် လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနှင့် လည်း အနာဂါတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သိရှိနားလည်ပြီး သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာသင်ယူရန်နှင့် မသိနားမလည်သည်များ ရှိပါကလည်း သင်တန်း ဆရာ/ဆရာမများအား ပွင့်ပွင့်လင်းလင်းတင်ပြပြီး အမှန်တကယ် တတ်ကျွမ်းအောင် ကြိုးစားသင်ယူကြရန်၊ မိမိတို့သက်ဆိုင်ရာရုံးခွဲ၊ ဆေးခန်းများသို့ ပြန်လည် ရောက်ရှိသည့်အခါ ပြန်လည်အသုံးချရန်၊ ယခုသင်တန်းမှတတ်မြောက်သည့် အခြေခံဘာသာရပ် ဖြင့် ရောင့်ရဲမနေဘဲ အဆင့်မြင့်သင်တန်းများ ဆက်လက်သင်ယူကြရန်နှင့် မိမိတို့သင်ကြား တတ်မြောက်ခဲ့သည့် ပညာရပ်များကို မိမိတို့ ရုံးခွဲ၊ ဆေးခန်းရှိ ကျန်ဝန်ထမ်းများကို ဆင့်ပွား သင်တန်းများ သင်ကြားပို့ချပေးရန် မှာကြားခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့၏ ကွန်ပျူတာကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းတွင် သင်တန်းသား/သူ(၄၉)ဦးအား ၁၃-၂-၂၀၁၈ ရက်နေ့မှ ၂၄-၂-၂၀၁၈ ရက်နေ့ထိ ရက်သတ္တပတ် (၂) ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လည် (၁၁:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။