အကူသူနာပြုသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ဦးဆောင်၍ တက်ရောက်ခြင်း

၆-၄-၂၀၁၉ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ သူနာပြုနှင့် သားဖွားကဏ္ဍဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အကူ သူနာပြုသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ သူနာပြုတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သူနာပြုနှင့် သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် များ၊ ပုဂ္ဂလိကဆေးရုံများ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြင်ပအကူသူနာပြုသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ GIZ မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ သတ်မှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီနှင့် NSSA တို့ ပူးပေါင်းဆောင်ရွက်နေသည့် အကူသူနာပြုနှင့် သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” ရေးဆွဲအတည်ပြုခဲ့ပြီး Trial Test စစ်ဆေးနေမှုနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရန် ဆောင်ရွက်နေမှု၊ အကူသူနာပြု ပုဂ္ဂလိကသက်မွေးပညာသင်တန်းကျောင်းများ မှတ်ပုံတင်နိုင်ရေး လုပ်ငန်းစဉ်များ၊ အကူသူနာပြု ဝတ်စုံသတ်မှတ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။