လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၂၀ ရက်
လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀-၁၂-၂၀၁၇ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ‌နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသော ဝန်ကြီးဌာန ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့သည် တည်ဆဲ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား မမာမကျန်းမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုများ ကြုံတွေ့လာရသည့်အခါ အခမဲ့ဆေးဝါးကုသခွင့်နှင့် သက်ဆိုင်ရာ ငွေကြေးအကျိုးခံစားခွင့်များကို ထောက်ပံ့ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများ အတွက်လည်းနာရေးစရိတ်များ ထုတ်ပေးခြင်းနှင့် ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့်နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်မစွမ်းဖြစ်သူများအတွက် ငွေကြေးအကျိုးခံစားခွင့်များ ရရှိစေသည့်အပြင် ကိုယ်အင်္ဂါတစ်စိတ်တစ်ပိုင်း ဆုံးရှုံးပါက ခြေတု၊ လက်တု တပ်ဆင်ပေးခြင်း တို့ကိုလည်း လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးစီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အာမခံအလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှုတို့ကြောင့် လုပ်ခဝင်ငွေလျော့နည်းခြင်း၊ ရပ်စဲခြင်းများဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ် မှီခိုနေသော မိသားစုဝင်တို့တွင် စီးပွားရေး၊ လူမှုဒုက္ခများခံစားရခြင်း တို့မှ ကာကွယ်ပေးရန်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် တစ်မျိုးသားလုံး အကျုံးဝင်သည့် လူမှုဖူလုံရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေရှည်မျှော်မှန်းထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမျှော်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အတွက် ရည်မှန်းချက်(၅)ရပ်ကိုချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်လက်၍ လူမှုဖူလုံရေးစီမံကိန်းအား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုးယုံကြည်မှုများရရှိစေရန် IT စနစ်ကို အခြေခံ၍ Reform (၄) ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီ (၃)ခုနှင့် ပြည်ပကုမ္ပဏီ (၄)ခုတို့မှ အဆိုပြု ကမ်းလှမ်းတင်ပြထားခြင်းများလည်း ရှိပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုး ယုံကြည်မှု ရရှိစေရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုကို Provider Purchaser Split ဖြင့် ဆောင်ရွက် ရန်ကိစ္စအား စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ရာ မူအားဖြင့် ကန့်ကွက်ရန် မရှိကြောင်းနှင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၇)မှ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လွယ်လင့်တကူ ခံစားရရှိနိုင်စေရေးနှင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းသည် အဓိကကျသော လုပ်ငန်းရပ်တစ်ခုဖြစ်သဖြင့် ပြင်ပလူနာများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအား Capitation စနစ်ဖြင့် အခြားဆေးရုံ၊ ဆေးခန်းများမှ ဝယ်ယူခြင်းလုပ်ငန်းများကို ၂၀၁၈ခုနှစ် ဇန်နဝါရီလမှစ၍ ရှေ့ပြေးစီမံချက်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ပြင်ပလူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အား လွယ်လင့်တကူ ခံစားရရှိနိုင်စေရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခြားဆေးရုံ၊ ဆေးခန်းများမှဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးရုံတက်ရောက်ကုသရမည့် လူနာများအတွက်လည်း ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ၊ ဆေးခန်းများကိုလည်း အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက် ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ၊ ဆေးခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို Public Private Partnership (PPP) စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များမှ အပြန်အလှန်တင်ပြ ဆွေးနွေးကြပြီး ယနေ့ကျင်းပသည့် အစည်းအဝေးမှ လူမှုဖူလုံရေးအဖွဲ့၏ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ Consultant ငှားရမ်းကာ Expression of Interest (EOI) ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် အမျိုးသားကျန်းမာရေးစီမံကိန်း လုပ်ငန်းစဉ်များ မူဝါဒများ ဥပဒေများနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်တောင်းခံပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥပဒေများ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို ၁၂:၀၀ နာရီအချိန် တွင်ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။