လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်း (ဒဂုံအရှေ့စက်မှုဇုန်) ဖွင့်ပွဲအခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ဖွင့်လှစ်

ရန်ကုန် ဩဂုတ်လ ၁၀ ရက်
လူမှုဖူလုံရေးအဖွဲ့သည်ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ခြင်းအခမ်းအနားကို၂၀၁၉ခုနှစ်၊ ဩဂုတ် လ၁၀ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဒေါ်မိုးမိုးစုကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးနေကျော်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးမြင့်သန်း၊ အလုပ်သမားကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီမှ ဒေါက်တာကျော်တင်လတ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
၎င်းနောက် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံး (ဒဂုံအရှေ့)၊ ကနောင်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အမှာစကားပြော ကြားရာ၌ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများအားကိုးအားထားပြုရသည့်ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဆေးကုသမှု ဝန်ဆောင်မှုကိုယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့်များခွင့်ပြု ထုတ်ပေးရာတွင်ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကိုILO ၏ နည်းပညာ အကူအညီရယူပြီးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများအရ တိုင်းဒေသကြီး/ပြည်နယ် များအနက် ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းများ တိုးတက်များပြားလာသည်နှင့် အညီအလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ အများဆုံးရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်လုပ်ငန်းဌာနပေါင်း (၁၂,၆၉၉) မှအာမခံအလုပ်သမား ပေါင်း ၉၄၅,၃၂၉ ရှိသည့်အတွက်တစ်နိုင်ငံလုံးတွင်ရှိသည့် အာမခံအလုပ်သမားများ၏ (၆၉.၄၈%) ရှိပါကြောင်း၊လူမှုဖူလုံရေးအဖွဲ့သည်ဒဂုံအရှေ့စက်မှုဇုန်အတွင်းရှိအကျုံးဝင်အာမခံအလုပ်သမားများ အတွက်ကျန်းမာရေးစောင့်ရှောက်မှုကိုထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပြီးကဲဝဲလ် ဆေးခန်းနှင့်စာချုပ်ချုပ်ဆို၍ လူမှုဖူလုံရေး – ကဲဝဲလ်ဆေးခန်းကို ထပ်မံတိုးချဲ့ဖွင့်လှစ် ပေးရခြင်း ဖြစ်ပါကြောင်း၊
ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမှာ ကျင့်သုံးနေသည့် Provider Purchaser Split (PPS) စနစ်ကို အကောင်အထည်ဖော်ရန် Pilot စီမံကိန်းကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ Pilot ဆေးခန်း (၇) ခန်းကို ဖွင့်လှစ်နိုင် ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်သည် အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားများအနေနှင့်လည်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး လိုအပ်သောအကြံဉာဏ်များပေးခြင်း၊ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်လူမှုဖူလုံရေးစီမံကိန်း ကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားခဲ့သည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဒေါ်မိုးမိုးစုကြည်က အမှာစကားပြောကြားပါသည်။ ထို့နောက် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး၊လွှတ်တော်များမှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အလုပ်ရှင်များနှင့် အာမခံ အလုပ်သမားများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။