မော်တော်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၆ ဦး၏ မိသားစုဝင်များအား အာမခံကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၁၈ ရက်

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ရှိ Sukhonavason Co.,Ltd ၏ကွန်ပျူတာပစ္စည်းစက်ရုံ၌ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ Golden Royal Mandalay Co., Ltd မှတစ်ဆင့် သွားရောက်ခဲ့သည့် အလုပ်သမားများအနက် မြန်မာအလုပ် သမား ၅၁ ဦး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ၂၂:၀၀ နာရီခန့်တွင် မဲဆောက်မြို့အလွန်တောင်ပေါ်အဆင်းလမ်း၌ တိမ်းမှောက်ခဲ့မှု ကြောင့် ယာဉ်တိမ်းမှောက်မှု၌ သေဆုံးခဲ့သည့် အမျိုးသမီး ၆ ဦးအတွက် ထိုင်းနိုင်ငံ၊ ဥပဒေအရ ခံစားခွင့်ရှိသည့် နစ်နာကြေးများအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ အလုပ်သမား သံအရာရှိရုံး နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရရှိခဲ့၍ အာမခံကြေးပေးအပ်ပွဲ အခမ်းအနားကိုနေပြည်တော်ရှိ၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၈-၆-၂၀၁၈ ရက်နေ့နံနက် ၉:၃၀တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ Golden Royal Mandalay Co., Ltd မှ တာဝန်ရှိသူများနှင့် သေဆုံးသူ အလုပ်သမားများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ ထိုင်းနိုင်ငံ၊ ခရီးသွား ဥပဒေအရ တစ်ဦးလျှင် ဘတ် ၄ သိန်း ၊ ကားအာမခံမှ တစ်ဦးလျှင် ဘတ် ၃ သိန်း၊ စုစုပေါင်း ဘတ် ၇ သိန်းနှင့် ညီမျှသော ဥပဒေအရ အာမခံကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေကျပ် ၂၉,၂၄၀,၀၀၀ (ကျပ်နှစ်ရာ ကိုးဆယ့်နှစ်သိန်းလေးသောင်းတိတိ) ကို သေဆုံးသူ မြန်မာအလုပ်သမား အမျိုးသမီး ၆ ဦး အတွက် စုစုပေါင်းမြန်မာငွေကျပ်သိန်းပေါင်း ၁၇၅,၄၄၀,၀၀၀ (ကျပ်တစ်ထောင်ခုနှစ်ရာငါးဆယ့် လေးသိန်းလေးသောင်းတိတိ) အားသေဆုံးသူများ၏ မိသားစုဝင်များထံ သို့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကျန်ရစ်သူ မိသားစုဝင်များအား နှစ်သိမ့် အားပေးစကားပြောကြားကာ ၁၀:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၆ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၁၂ ဦးတို့အတွက် ကရုဏာကြေးအဖြစ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ငွေကျပ်ငါးဆယ့်တစ်သိန်း၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်နှစ်ဆယ့်လေးသိန်း၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်လေးဆယ့်ကိုးသိန်းငါးထောင်နှင့် ထိုင်းဘတ်ငွေ ၁၉,၅၀၀ နှင့် Golden Royal Mandalay Co., Ltd မှ ငွေကျပ်ငါးဆယ့်ရှစ်သိန်း အပါအဝင် စုစုပေါင်းငွေကျပ် တစ်ရာ့ရှစ်ဆယ်နှစ်သိန်းငါးထောင်နှင့် ဘတ်ငွေ ၁၉,၅၀၀ တို့အား သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ၁၂-၅-၂၀၁၈ ရက်နေ့တွင် လည်း ရန်ကုန်မြို့၌ အခမ်းအနားဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။