ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Robert Chua အား နေပြည်တော်၌ တွေ့ဆုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာလ ၇ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Robert Chua အား နိုဝင်ဘာလ(၇)ရက်၊ ယနေ့ညနေ(၄) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ-စင်္ကာပူနှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီရေး၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာလွယ်ကူအဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီ ချက်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ အလုပ်သမားဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားများ စေလွှတ်နိုင်ရေး၊ နှစ်နိုင်ငံ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စ ရပ်များ ပူးပေါင်းဆောင်ရွက်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)